ကြယ်တွေ ကြွေကြရပြန်ပြီ

တန့်ဆည်မှာ စစ်ကောင်စီသတ်လို့ PDF ၄ ဦးနဲ့ ပြည်သူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်လို့ မေလနောက်ဆုံးပတ်နဲ့ ဇွန်ပထမပတ်တွင်း ပြည်သူ ၅ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၇ ရက်မှာ ကန့်ဘလူကနေ ထွက်လာတဲ့ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့က တန့်ဆည်အရှေ့ ခြမ်းကို စစ်ကြောင်းထိုးကာ ညောင်လေးပင်ရွာသား ကိုမြင့်နိုင် အသက် ၅၃နှစ်၊ ကိုအောင်မြင့်ထွန်း အသက် ၃၇ နှစ်၊ ရွှေတကျေးရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုငွေတိုးဆိုသူ အမျိုးသားတဦးနဲ့ တုတ္တလုပ်မြောက်ရွာက အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်သန်းတို့ကို သတ်ဖြတ်ကာ မေ ၃၀ ရက်မှာ ကန့်ဘလူဘက်ကို ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။

ဇွန် ၆ ရက်မှာ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၆၀ ခန့်က တန့်ဆည် အရှေ့မြောက်ခြမ်းကို ဒုတိယအကြိမ် စစ်ကြောင်းထိုးကာ အိုးသည်ကုန်းရွာကို ဝင်ရောက်ခဲ့ပြီး အိုးသည်ကုန်းရွာသား အသက် ၄၆ နှစ်အရွယ် ကိုကျော်နိုင်ကို သတ်ဖြတ်ကာ ၈ ရက်မှာ ကျွန်းလယ်ပျူစောထီးရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“အိုးသည်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်တယ်၊ နောက်ရက် စစ်ကြောင်း‌ပြန်ခေါက်သွားမှ ပြည်သူ သတ်ထားခဲ့မှန်း သိတယ်၊ ၂၇ ရက်ကနေ ၆ ရက်နေ့အတွင်း တန့်ဆည်အရှေ့ခြမ်းကတင် ပြည်သူ ၅ယောက် အသတ်ခံရတယ်။” လို့ တန့်ဆည်ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၇ ရက်မှာ တန့်ဆည် အနောက်ခြမ်း ဝါးရငယ်၊ ခနုဆည်၊ ရွာသစ်ရွာတွေဘက်ကို တပ်မ ၃၃၊ ခမရ ၁၀၁၊ ပျူစောထီး ပူးပေါင်းအင်အား ၁၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာကာ မနက် ၂ နာရီမှာ ကာကွယ်ရေး ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ ခရိုင်ရင်းတွေထဲက ရဲဘော် ၂ ဦး ကျဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

“မနက် ၂ နာရီလောက်ဖြစ်တဲ့ တိုက်ပွဲမှာ တယောက်ကျတယ်၊ ဒဏ်ရာရလာတဲ့ တယောက်ကလည်း အဲ့နေ့မှာပဲ ဆုံးသွားတာဆိုတော့ ၂ ယောက်ကျ ဖြစ်သွားတယ်။” လို့ ဒေသခံ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာ အဲ့ဒီရွာတွေကနေ အင်တခါးရွာဘက်ကို စစ်ကြောင်းဆက် ထွက်လာခဲ့ ပြီး ရွှေဘိုတပ်ရင်း ၇ က ရဲဘော် ၂ ဦးနဲ့ ထိပ်တိုက်တိုးကာ ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

တန့်ဆည်မှာ မေလနောက်ဆုံးပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ပြည်သူ ၅ ဦးနဲ့ ရဲဘော် ၄ ဦး သေဆုံးထားတာလည်း ဖြစ်ပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်တွေဟာ တန့်ဆည် အရှေ့တောင်ခြမ်း အက်တော၊ သဲကုန်းရွာဘက်မှာ အင်အား ၆၀ ဝန်းကျင်နဲ့ စစ်ကြောင်းတကြောင်း၊ တန့်ဆည် အရှေ့မြောက်ခြမ်းမှာ အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်း တကြောင်း၊ တန့်ဆည်မြို့ အနောက်ဘက် ၂ မိုင်ဝန်းကျင်မှာ အင်အား ၁၈၀ ဝန်းကျင်နဲ့ တကြောင်း ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီသတ်ဖြတ်ခဲ့တသည့် အသက် ၅၃ နှစ်အရွယ် ကိုမြင့်နိုင်အလောင်းကို တွေ့ရစဉ်။

PDF ကင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပြီး PDF ၄ ဦးကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးချိန် ရွာအနီးရှိ PDF အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်တွေ ကျဆုံးမှုရှိခဲ့တယ်လို့ ရေစကြိုအခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဆီက သိရပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ဇွန် ၉ ရက်မနက်အစောပိုင်းမှာ စစ်ကြောင်းထိုးလာချိန် ကင်းစောင့်နေတဲ့ PDF အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“သိရသလောက်က စကစအဖွဲ့စစ်ကြောင်းထိုးလာတဲ့အချိန် ကင်းအဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး PDF တွေဘက် ကျတာရှိတယ်။ စကစဘက်ကတော့ အင်အားတော်တော်များများနဲ့ ဝိုင်းတာ။ ကင်းအဖွဲ့ဘက်က ဦးသွားလို့ ကျန်တဲ့ရဲဘော်တွေ ဆုတ်သွားနိုင်တယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုအတွင်း PDF တွေဘက်က ၄ ဦးကျဆုံးကာ လက်နက်အချို့လည်း ဆုံးရှုံးသွားပြီး ခုနှစ်ပင်ကျေးရွာက ဒေသခံနှစ်ရာကျော်လည်း ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ကတော့ လက်ရှိအချိန်ထိ ခုနှစ်ပင်ကျေးရွာဝန်းကျင်တဝိုက်မှာရှိနေပြီး အခြား ကျေးရွာတွေဘက်ကို စစ်ကြောင်းထပ်ထိုးမယ့်အခြေအနေရှိတယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့ ဝင်တဦးက ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ခုနှစ်ပင်ကျေးရွာကိုဝင်စီးချိန် PDF အလောင်း ၄ လောင်းနဲ့ သေနတ် ၄ လက်ရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

မေ ၁၇ ရက်ကလည်း ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာတွေဘက်မှာ PDF စခန်းတွေကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ရာ စခန်းတစ်ခုသိမ်းခံရပြီး အပြန်အလှန်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဓါတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *