သန်လျင်တံတားဖွင့်ပွဲလာသည့် စစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးဖြင့် ပစ်မည့် လူငယ်များ အဖမ်းခံရ
အာဏာသိမ်းစစ်ခေါင်းဆာင် ဇွန် ၈ က တက်ရောက်ဖွင့်လှစ်ခဲ့သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်ထားသည့် လူငယ် ၉ ဦးကို ဖမ်းထားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဇွန် ၈ နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သင်္ဘောကျင်း ဝန်ထမ်းအိမ်ယာဝင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လက်အောက်ခံ ရန်ကုန်မြေအောက်လှုပ်ရှားသူ (UG) လူငယ် ၇ ဦး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လူငယ် ၂ ဦး၊ ကျား ၈ ဦးနှင့် မတစ်ဦးကို ဖမ်းမိသည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ယနေ့ (ဇွန်လ ၁၁ ရက်) တွင် ဖော်ပြသည်။
ထိုသူများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ဘက်ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိသည်ဟု ဆိုသည်။
ဖမ်းဆီးရမိထားသူများက တံတားဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် မေ ၁၉ က စတင်စီစဉ်ခဲ့သည်၊ ရှော့တိုက်ဒုံး ၃ လုံးနှင့် လက်ပစ်ဗုံးများကို လွတ်မြောက်နေသူ ဖြူနှင်းအေး (ခ) မီးအိမ်ရှင်ထံမှ ရရှိခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
ဖမ်းဆီးရမိထားသူများထဲမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးက ဇွန် ၄ နှင့် ဇွန် ၈ တို့တွင် သန်လျင်တံတားအခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အနီး လုံခြုံရေးတပ်ဖွဲ့များ၏ အခြေအနေကို ၅ ကြိမ် လေ့လာခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့ပြင် ရှော့တိုက်ဒုံး ပစ်ခတ်နည်းသင်တန်းကို Brigate Drone Force (PDF) အဖွဲ့က အင်တာနက်မှတစ်ဆင့် သင်ကြားပေးသည်၊ ရှော့တိုက်ဒုံး ပေးပို့သူ အမျိုးသမီးနှင့် ပစ်ခတ်နည်း သင်တန်းပေးသူ ၂ ဦးကို မဖမ်းမိသေးဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက စွပ်စွဲထားသည့် Brigate Drone Force အဖွဲ့မှာ ကရင်ပြည်နယ်တွင် ဒရုန်းစစ်ဆင်ရေး တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မေလက ကရင်ပြည်နယ်၊ KNU တပ်မဟာ (၁) နယ်မြေတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်ဟု ၎င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် Brigate Drone Force ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်မဖြေသေးပေ။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၄ ဇွန် ၁၀ အထိ စစ်ကောင်စီ လက်ချက်ဖြင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၅၂၄၃ ဦး သေဆုံးခဲ့ပြီး၊ အမည်မသိရသည့် သတ်ဖြတ်ခံရသူ ၁,၈၀၀ ဦး၏ စာရင်းကို သီးခြားအတည်ပြုနေသည်၊ ဖမ်းဆီးခံထားရသူ ၂၆၈၄၂ ဦးထိရှိနေသည်ဟု ယမန်နေ့ (ဇွန် ၁၀)က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင် ဖွင့်လှစ်ပေးခဲ့သည့် သန်လျင်တံတား အမှတ် (၃) သည် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။ NLD အစိုးရလက်ထက် ၂၀၁၇ တွင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေဖြင့် ၂၀၁၉ တွင် စတင်ဆောက်လုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တံတားဆောက်ရန် JICA ၏ ချေးငွေရပ်ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရသည်ဟုလည်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေဖြင့် ဆောက်လုပ်ခဲ့သည်ဆိုသော်လည်း ထိုတံတားဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို မတွေ့ရပေ။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ထိုတံတားဖွင့်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိပေ။ (သတင်း−ကိုချို)
(ပုံစာ − ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေဖြင့် ဆောက်လုပ်ခဲ့သည့် သန်လျင်တံတား အမှတ်-၃ကို စစ်ခေါင်းဆောင် ဖွင့်လှစ်ပေးခဲ့စဉ်။)