စစ်တပ်ကာကင်းစခန်းကို PDF က တိုက်ခိုက်မှု စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်မိ

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ်ကာကင်းစခန်းကို PDF က တိုက်ခိုက်မှု စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနီးရှိ စစ်တပ်ကာကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးခန့်သေ ဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်း တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိ သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး တစ်မိုင်အကွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း ကာကင်းစခန်းတစ်ခုကို ယင်းမာပင်မြို့နယ် ပကဖ ( ULF စစ်ကြောင်းမှုး ) ဦးစီးသော ‌ကာကွယ်ရေး အဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့်အကြာတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း ကာကင်းစခန်းတွင် အကြမ်းဖက် စစ်တပ်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားပြီး ကာကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ စခန့်စွန့်ခွာ ထွက်ပြေးသွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူ ၅ ဦးမှာ ခမရ-၁၀၆ မှ တပ်သား နေထက်အောင် ၊ ခမရ-၃၆၈ မှ တပ်သား လွမ်းငြိမ်းသူ ၊ ခမရ-၁၀၆ မှ တပ်သား သက်ထွန်းနိုင် ၊ ခမရ-၁၀၆ မှ တပ်သား ရှိုင်းထက်အောင် နှင့် ရဲတပ်သား ဖြိုးထက်အောင် တို့ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၉ လက်၊ ကွန်မန်ဒို စိန်ပြောင်း တစ်လုံး၊ ၆၀ မမ ၅ လုံး၊ 79 အသီး ၂ လုံး၊ 5.56 ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး နမခ ဌာနချုပ်မှ အင်အား ၁၀၀ ခန့် စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ ( ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ ( ဗိုလ်မုတ်ဆိတ်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၉ ပကဖ( ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ ) ၊ ကနီမြို့နယ် တိုက်နယ် ၅ ပကဖ အဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ( ၁၇ ) B21 PDF ၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ( ၄၅ ) ‌KLG PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း ( ၃၅ ) PDA ၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း ( ၁၃ ) AungSan Generation၊ မုံရွာခရိုင် တပ်ရင်း ( ၁၄ )၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်း သိမ်းထားပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆက်‌လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *