စစ်အုပ်စုက အမျိုးသမီးတွေကိုပါ စစ်သားသစ် စုဆောင်း

ကန့်ဘလူမှာ စစ်အုပ်စုက အမျိုးသမီးတွေကိုပါ စစ်သားသစ် စုဆောင်းဟုဆို

စစ်အုပ်စုက ပေါ်တာဆွဲ လူသစ်စုနေလို့ ဒေသခံတွေ ထွက်ပြေးနေရပြီး စစ်အုပ်စုက ထွက်ပြေးသူတွေနောက် လိုက်ကာ မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ စစ်အုပ်စုက အမျိုးသားတွေ သာမက အမျိုးသမီး တွေ ကိုပါ စစ်သားသစ် စတင် စုဆောင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိမှာ ကန့်ဘလူမြို့ အနီးဝန်းကျင်က ကျေးရွာတွေ၊ ကျွန်းလှနယ် သဖန်းဆိပ်ဆည် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းကာ ပေါ်တာဆွဲ လူသစ်စုဆောင်းနေပြီး ဒေသခံ ပြည်သူတွေ ကိုယ်လွတ်ရုန်း ထွက်ပြေး နေရတယ်လို့ ဆိုပါတယ်။

“အခုက အမျိုးသားတွေတင် မကတော့ဘူး။ အမျိုးသမီးတွေကိုပါ အသက်အရွယ် အကျုံးဝင်တဲ့ သူတွေကို စစ်မှုထမ်းဖို့ ခေါ်နေပြီ။ အခုက ကန့်ဘလူနယ်ထဲမှာ အခြေအနေက အတော်လေးကို ဆိုးနေတာဗျ။ တချို့ရွာတွေ ကျတော့ မဲနှိုက်တယ်။ တချို့ရွာတွေ ကျတော့ မဲမနှိုက်ဘူး၊ အသက်အရွယ်နဲ့ ကိုက်ရင် ဝင်ရတယ်ပေါ့။ လက်ရှိကတော့ သူတို့ နယ်မြေစိုးမိုးထားနိုင်တဲ့ ကန်ဘလူမြို့ အနီးဝန်းကျင် အနောက်ခြမ်း၊ တောင်ခြမ်းနဲ့ ကျွန်းလှ မြို့နယ်ပေါ့။ အဲဒီနေရာတွေက ကျေးရွာတွေကို စစ်မှုထမ်းဖို့ လူသစ်စုနေတာ။ အခု အဲဒီလို အတင်းအဓမ္မ လူသစ်စုနေလို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရတဲ့ ရွာတွေရှိတယ်။ တချို့ပြည်သူတွေက တောထဲတိုက်တွေမှာ တဲတွေနဲ့ ထွက်ပြေးပြီး နေတဲ့အချိန်မှာ သူတို့(စစ်အုပ်စုနဲ့ပျူ)က စစ်ကြောင်း ထိုးလာပြီးတော့ တွေ့တဲ့ တဲတွေ အကုန်လုံး မီးရှို့သွားတာ အတော်များတယ်ဗျ။ အဲဒီလို မီးရှို့သွားတာက လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဖြစ်သွားတာ။ ပြည်သူတွေကတော့ စစ်ဘေးရှောင်ရတာနဲ့ စစ်မှုထမ်း ဥပဒေနဲ့ လူသစ်စုနေလို့ ထွက်ပြေး နေရတာကြောင့် ဒုက္ခနှစ်မျိုးနဲ့ ကြုံနေကြရတာပေါ့”လို့ Infinity Group သတင်းပြန်ကြားရေးက ပြောပါတယ်။

Infinity Group ဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်သတင်းတွေ ဖော်ပြနေတဲ့ ဒေသခံ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

အခု ဇွန်လထဲမှာ စစ်အုပ်စုနဲ့ ပျူတွေက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အရှေ့ဘက်ခြမ်းက ကျေးရွာတွေနဲ့ ကန့်ဘလူမြို့ အနီးဝန်းကျင်က ကျေးရွာတွေကို စီးနင်းကာ စစ်မှုထမ်းဖို့နဲ့ ပျူအဖွဲ့ထဲ ဝင်ဖို့ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး လူသစ်စုနေတာလို့ ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ကလည်း ပြောပါတယ်။

“ထွက်ပြေးရတဲ့ ရက်ကတော့ အတိအကျ မရှိဘူးဗျ။ လစ်ရင် လစ်သလိုပဲ၊ ထွက်ပြေးနေကြရတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မိသားစုလိုက် ခိုးထွက်ရတာဗျ။ ဘာဆို ဘာမှကို မပါကြဘူး။ ကိုယ်လွတ်ရုန်း ပြီးတော့ ပြေးနေကြရတာ ဆိုတော့ အခက်အခဲတွေက အများကြီးပါ”

စစ်အုပ်စုက အတင်းအဓမ္မ လူသစ်စုနေလို့ ကန့်ဘလူနဲ့ကျွန်းလှနယ်ထဲက တဘောင်၊ ရွှေပေါ်ကုန်း၊ ငှက်ပျောတော၊ ကျောက်အိုင်၊ ကျီကုန်း စတဲ့ ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးနေရသလို ကန့်ဘလူမြို့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင် နေရပြီး စစ်ပြေးပြည်သူ ထောင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့(စစ်အုပ်စုနဲ့ပျူတွေ) လူသစ် စုဆောင်းတာကတော့ နေ့တိုင်းလိုလိုပဲဗျ။ ဘယ်နေရာတွေလဲ ဆိုတော့ ကန့်ဘလူမြို့နဲ့ အနီးတဝိုက်က ရွာတွေနဲ့ ကျွန်းလှမြို့ပေါ်နဲ့ အနီးဝန်းကျင်က ရွာတွေပေါ့။ သူတို့ နယ်မြေ စိုးမိုးထားနိုင်တဲ့ နေရာက ရွာတွေ အားလုံး လိုလို စစ်မှုထမ်းဖို့ ခေါ်နေတာ။ ဒေသခံတွေကလည်း ကြောက်တော့ ထွက်ပြေးနေကြရတာပေါ့”လို့ ကန့်ဘလူခရိုင်ထဲက တိုက်နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကန့်ဘလူနယ်ထဲ စစ်အုပ်စုနဲ့အတူ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေတာ ဖြစ်ပါတယ်။

သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူအဖွဲ့ကို စစ်အုပ်စုက လက်နက်နဲ့ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေထောက်ပံ့နေစဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *