ရန်ကုန်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ယာဉ်ထိန်းရဲရုံးနှင့် မန္တလေး၊ ဇွဲထက်ရွှေဆိုင်နှင့် Pioneer KTV တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး ၅ ဦးဒဏ်ရာရ

ရန်ကုန်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ယာဉ်ထိန်းရဲရုံးနှင့် မန္တလေး၊ ဇွဲထက်ရွှေဆိုင်နှင့် Pioneer KTV တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး ၅ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့ က ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်တွင် ပြင်းအားမြင့်ဗုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ မြေပြင်ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့က “Urban Freedom” စစ် ဆင်ရေး အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအပြီး ရဲဘော်များတစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း ၊ Dark Shadow အဖွဲ့ သည် မည်သည့် အဖွဲအစည်းများနှင့် မဟာမိတ်ပြုလုပ်ထားခြင်း၊ ဖွဲစည်းမှုအောက်တွင် ပါဝင်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုကို လိုလားသော တော်လှန်ရေးတပ်သားများ စုပေါင်းဖွဲစည်းထားခြင်း ဖြစ်ကြောင်း၊ အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက်လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

အလားတူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက် အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၁ ရက် ည ၈ နာရီ ၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင် ရဲရိပ်သာ ယာဉ်ထိန်းရဲရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခုမြေပြင် သတင်းအရတော့ ဘဲဥ ၂ ကောင် ပြင်းပြင်းထန်ထန် ထိထားတယ်ကြားတယ်။ ဆေးရုံကားတွေနဲ့ တင်သွားတယ်လို့လတ်တလောမြေပြင်သတင်းသိထားရတယ်။ ဆက်လက်ပြီး စစ်ခွေးတွေကို တိုက်ခိုက်သွားမယ်” ဟု မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ပြောဆိုသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားနှင့် ရဲများ ရောက် ရှိလာပြီး လမ်းပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ – ပကဖ မှ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်း ဆောင် မွေးနေ့အတွက် “ငုံမခံဘူး တုံပြန်နေမည် သံမဏိနှင်းဆီ” စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ရှင်းပြသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးရှိ ဇွဲထက်စိန်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲပြီး လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၃၄လမ်းနှင့် ၈၄လမ်းထောင့်ရှိ ဇွဲထက်ရွှေဆိုင်တွင် ယနေ့ မွန်းလွဲပိုင်း လက် ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ ယမန်နေ့ ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃ လမ်းနှင့် ၃၅ လမ်း ထောင့် ရှိ Pioneer KTV ဆိုင်ကို လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် KTV ဆိုင်မှ လုံခြုံရေးဝန်ထမ်း ၁ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်သွားလာနေသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP။


Comments

Leave a Reply

Your email address will not be published. Required fields are marked *