သမ္မတရုပ်ရှင်ရုံအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံအတွင်း ယနေ့ (ဇွန်လ ၁၂) သပိတ်အင်အားစုလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

ယင်းလူငယ်များက “လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများအလိုမရှိ” ၊ “စစ်ဖိနပ်အောက်မှာ ပန်းမပွင့်ဘူး”၊ “Without freedom there is no art” စာတန်းများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ယနေ့ နိုင်ငံတော်ဆိုတဲ့ အဆောက်အအုံဟာ ကျွန်တော်တို့ ပြည်သူတဦးတယောက်ချင်းစီတိုင်းရဲ့ လွတ်လပ်စွာဖန်တီးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေ အပါအ၀င် လူသားတယောက်အဖြစ် ဖြစ်တည်မှုကို ယုတ်လျော့လာအောင် တဆင့်ချင်းတရစ်ချင်း ကန့်သတ်ဖိနှိပ်နေတဲ့ အဆောက်အအုံဖြစ်နေပါတယ်။ ဒါကြောင့် ဒီ အကျင့်ပျက်ခြစားဟောင်းနွမ်းပုတ်သိုး ဆွေးမြေ့ပြီး လူထုအပေါ် အကြမ်းဖက်နေတဲ့ နိုင်ငံတော်အဆောက်အအုံကို ဖြိုချဖျက်စီးပြီး တန်းတူညီမျှခွင့် နဲ့ လွတ်လပ်ခွင့် တည်တဲ့ နိုင်ငံတော်သစ်ကို ပြည်သူတွေကိုယ်တိုင် ထုဆစ်ကြရမှာသာဖြစ်တယ်” ဟု AJAY က တိုက်တွန်းနှိုးဆော်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ အနုပညာဖန်တီးမှု လွတ်လပ်ခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုများအား AJAY မှ အစဉ်တစိုက် ကန့်ကွက်ဆန့်ကျင်မည်ဟု ဆိုသည်။

ဓာတ်ပုံ – AJAY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top