VPN အကြောင်းပြ စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီး ငွေညှစ်၊ စစ်သားစုဆောင်း

မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် မကွေးတို့တွင် စစ်တပ်နှင့်ရဲများက VPN အကြောင်း ပြ စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီး ငွေညှစ်မှုများ၊ စစ်သားစုဆောင်းမှုများ ဖြစ်ပွားနေ

မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို လိုက်လံ စစ်ဆေးပြီး VPN ဆော့ဝဲ အသုံးပြုသူများကို ဖမ်းဆီးကာ ငွေတောင်းခံမှုများနှင့် စစ် သားသစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ ၃၅ လမ်း ၆၈×၇၀ ကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးပြီး လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးကြောင်း၊ မိုဘိုင်းလ်များတွင် VPN ဆော့ဝဲ ထည့်သွင်းထားသည့် ပြည်သူများကို ဖမ်းဆီးပြီး ငွေကျပ် သိန်းချီ တောင်းရမ်းခဲ့ကြောင်း သိရသည်။

“မန္တလေးမှာ ဆိုင်ကယ်လိုင်စင်စစ်ရင်း VPN ပါ စစ်နေတယ် တွေ့ရင် ဒဏ်ရိုက်တယ်။ ၃၅ လမ်း ၆၈ × ၇၀ မှာ ဆိုင်ကယ်တွေ လိုင်စင် အရင်စစ်ပြီး ဖုန်းကိုပါယူစစ်တာ ဖမ်းခံရသူတွေရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ဘိုကလေးမြို့များတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး VPN ဆော့ဝဲ ထည့်သွင်းထားသော ပြည် သူများကို ဖမ်းဆီးကာ ငွေကျပ် ၃ သောင်းမှ ၃ သိန်းကျပ် အထိ တောင်း ရမ်းမှုများ ရှိကြောင်း သိရသည်။

“ဟင်္သာတမြို့ထဲမှာ VPN တွေ စစ်ပါတယ်။ VPN ဆော့ဝဲတွေ့ရင် ၁ ဦးကို ၃ သောင်း ပေးရပါတယ်။ ဖမ်းခံရသူတွေများတယ်။ မော်လမြိုင်ကျွန်းမြို့မှာ အရပ်သားပြည်သူတွေ လမ်းသွားလာနေစဉ် စစ်ခွေးတွေက ဖုန်းတွေကို လိုက် လံစစ်ဆေးတာပါ။ VPN တစ်ခုမိရင် ဒဏ်ငွေ ၃ သိန်းကျပ် ပေးဆောင်ရတယ်။ မပေးနိုင်ရင် ထောင် ၃ နှစ်ကျမည်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်။ ဘိုက လေးမြို့မှာ VPN ထည့်ထားတဲ့ ဖုန်းတွေကို ဖမ်းပြီး ၁ လုံးကို ၃ သိန်းတောင်းတယ်။ ၃ သိန်းမပေးရင် ဘာလုပ်မလဲတော့မသိဘူး။ လမ်းဆုံတွေ မှာ လိုက်ဖမ်းတာ လူတွေမနည်းဘူး မိကြတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အကြမ်းဖက် စစ်တပ်က VPN ဆော့ဝဲအသုံးပြုသူများကို ဖမ်းဆီးပြီး ငွေကျပ် ၃ သောင်း တောင်းရမ်းကာ လူငယ်များ အသုံးပြုပါက စစ်သားသစ် စုဆောင်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

“VPN က သုံးမရတဲ့အပြင် ဖုန်းထဲမှာ Application ကိုတွေ့ရင် ဒါဏ်ငွေ ၃ သောင်းပေးရပါတယ် ။ လူငယ်များကိုဆို တန်းဖမ်းခေါ်သွားပါတယ်။ စစ်ခွေးဂိတ်တွေက ဖမ်းနေတာပါ လူငယ် ၂ ဦး ဖမ်းခံလိုက်ရတယ်။ လူကြီးဆိုရင် ပိုက်ဆံတောင်းပါတယ်။ မရှိတဲ့လူဆို ၃ သောင်း ကနေ ၅ သောင်း ထိတောင်းနေပါတယ်။ တောင်ကျောင်းကြီးနားက ဂိတ်နဲ့ မြို့အဝင်ဂိတ်တွေမှာ ဖုန်းတွေကို စစ်ပြီး ဖမ်းနေတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့အတူ ပဲခူးမြို့ပေါ်တွင်လည်း စစ်တပ်က မြို့အဝင်အထွက်များကို စီမံချက် ဖမ်းဆီးခြင်း၊ မိုဘိုင်းလ်ဖုန်းနှင့် VPN များကို စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ပဲခူးမြို့သူမြို့သားများက ပြောဆိုကြသည်။

“သူတို့စစ်တဲ့နေရာတွေက သနပ်ပင်လမ်းမတန်း ဘုရားစျေးရှေ့၊ ကျိုက်ပွန်ထိပ်၊ ကမာနတ်လျှပ်စစ်ရုံးထိပ်၊သနပ်ပင်အဝင်ထွက်ဂိတ်၊ဆည်မြောင်း၊ ပဲခူးတက္ကသိုလ်နားတို့မှာစစ်ကြပါတယ်။ ဆိုင်ကယ်တွေကိုအဓိကထားပြီးစစ်ပါတယ်။ ဆိုင်ကယ်သမားက မရပ်ပေးရင် ဆဲဆိုပါတယ်။ ပြီးတော့ ခြေထောက်နဲ့ကန်လို့ မှီရင်ကန်ပါတယ်။ အကျင့်ယုတ်တာပေါ့ဗျာ။လူလိုင်စင် ယဥ်မောင်းလိုင်စင်၊ ဦးထုပ်၊ ဖုန်း၊ VPN အကုန်စစ်တယ်” ဟု ပဲခူးမြို့ခံတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့တွင် VPN များ အသုံးမပြုနိုင်ရန်အတွက် တရုတ်နည်းပညာရှင်များဖြင့် ပူးပေါင်း ပိတ်ပင်မှုများကို စတင်လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *