ဘက်ပြောင်းသွားသူ ဦးဆောင်လမ်းပြတဲ့ စစ်ကြောင်းကိုတိုက်ခိုက်

စစ်ကောင်စီထံ ဘက်ပြောင်းသွားသူ ဦးဆောင်လမ်းပြတဲ့ စစ်ကြောင်းကိုတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်ထဲက ဂမုန်းဆည်အနီးမှာ စစ်ကောင်စီထံ ဘက်ပြောင်းသွားသူ ဦးဆောင်လမ်းပြလာတဲ့ အင်အား(၃၀)ခန့်ပါစစ်ကြောင်းနဲ့ ဒေသတွင်းပူးပေါင်းတပ်တို့ကြား မနေ့ ဇွန်လ ၁၂ ရက် မနက် ၇ နာရီ ၄၀ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

ခလရ(၁)နဲ့ ခမရ(၆)က တပ်သားတွေပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ဆည်ဘောင်ပေါ်အရောက် ဒေသပူးပေါင်းတပ်ဘက်က စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဖရိုဖရဲဖြစ်သွားတဲ့ စစ်သားတွေကို လက်နက်ကြီး/ငယ်တွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခုနစ်ဦး သေဆုံးတဲ့အပြင် ခြောက်ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဇေယျက ပြောပါတယ်။

“သေတာကတော့ မျက်မြင်ဗျ။ ၇၉ မမနဲ့ထုတာ။ အနားတင် လဲကုန်တာ။ သူတို့ဘက်က အလောင်းတော့ မကောက်ရဲသေးဘူး” လို့ ၎င်းက ပြောပါတယ်။

ယခုနှစ် ဇွန် ၉ ရက်မှာ ဘက်ပြောင်းခိုလုံသွားသူ ဆလိုင်းဟာ စစ်ကောင်စီတပ်ထဲ ဗိုလ်အဆင့် ရရှိခဲ့ပြီး စစ်ကြောင်းမထိုးမီ တော်လှန်ရေးရဲဘော်တစ်ဦးထံ “ငါလိုက်လာတယ်” လို့ ဖုန်းဆက်ပြောဆိုခဲ့ကြောင်း အထက်ပါ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပြပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေချိန် ဝိုင်းကျေးရွာ ရဲကင်းက ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့အပြင် စစ်ကောင်စီ စစ်ကူအင်အား ၁၅၀ ခန့်အထိလာနေတယ်ဆိုတဲ့သတင်းကြောင့် အဲဒီဒေသမှာ စစ်ရေးဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ဦးဆောင်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK-PDF၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နဲ့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ငါးဦးကို ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းမှာ အပြင်းစားထောင်မိုင်း သုံးလုံးတွဲနဲ့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာမှာတင် သေဆုံးတဲ့အပြင် နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *