သံတွဲတိုက်ပွဲ စစ်ကောင်စီဒရုန်းပစ်ခတ်မှု ၎င်းတို့တပ်သားများထံကျ၍ ၁၀ ဦးထက်မနည်း သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့ လေယာဉ်ကွင်းအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ၎င်းတို့တပ်ဖွဲ့ဝင်များထံ ကျရောက်သဖြင့် ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၃ ရက်က လေယာဉ်ကွင်းအနီးတွင် နှစ်ဘက်တိုက်ပွဲပြင်းထန်နေစဉ် ခလရ (၅၅)မှ ဒရုန်းတပ်က မှားယွင်းစွာပစ်ခတ်ခဲ့ခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတာကို အကူပေးနေတဲ့ နောက်တန်းစစ်သားတွေဆီ သွားကျတာ။ တပ်သား ၁၀ ဦးထက်မနည်း သေတယ်။ ဒဏ်ရာရာသူတွေလည်း ရှိတယ်လို့ သိထားတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ယခုနောက်ပိုင်းတိုက်ပွဲများတွင် လေကြောင်းနှင့် ဒရုန်းကို အဓိကအသုံးပြု တိုက်ခိုက်နေကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။

သံတွဲလေယာဉ်ကွင်းအနီးတွင် ယနေ့နံနက်ပိုင်းကလည်း တိုက်ပွဲပြင်းထန်နေသည်။ မြို့အနီးတိုက်ပွဲများကြောင့် သံတွဲမြို့ခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ထားသဖြင့် အခက်တွေ့နေကြသည်။

“သံတွဲလေယာဉ်ကွင်းအနီး ပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီဘက်က ကာကင်းစခန်းတွေရှိတယ်။ ဒီစခန်းတွေကို အေအေက ထိုးစစ်ဆင်နေတာ။ မြို့အနီးတွေမှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ။ သံတွဲနယ်ဘက်မှာ တိုက်ပွဲတွေ မရှိတော့ဘူး။ အဲဒါကြောင့် ပိတ်မိနေတဲ့ဒေသခံတွေအတွက် ပိုပြီးစိုးရိမ်စရာကောင်းတယ်” ဟု သံတွဲမြို့မှ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောသည်။

သံတွဲမြို့တွင် စစ်ကောင်စီ၏ ခမရ (၅၆၆)၊ ခလရ (၅၅) နှင့် အမတ (၃၇၅)၊ အမတ (၃၄၆) အမြောက်တပ်ရင်းတို့ အခြေစိုက်ထားသည်။

ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း သံတွဲမြို့အနီး ဘားဒေါင်းတောင်ရှိ စစ်ကောင်စီတပ်စခန်း၌ လက်နက်ကြီး မတော်တဆပေါက်ကွဲခဲ့မှုကြောင့် တပ်သား ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။

ပုံစာ – ဒရုန်းဖြင့် တိုက်ပွဲဝင်ရန် လေ့ကျင့်နေသည့် စစ်ကောင်စီတပ်သားများကို ယခုနှစ်အစောပိုင်းက တွေ့ရစဉ်။ (အင်တာနက်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *