မူဆယ်မှာ အသက် ၃ နှစ်ကျော် ကလေးငယ်ကို အဖိုးဖြစ်သူက ၂ နှစ်နီးပါး အကြိမ်ကြိမ် အဓမ္မပြုကျင့်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်က ၃ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို အဖိုးဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိ အမျိုးသားက မြေးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး မနေ့ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းမှာလည်း ကလေးကို ထပ်မံ အဓမ္မ ပြုကျင့်နေချိန် အဖွားဖြစ်သူက တွေ့မြင်ခဲ့တာလို့ ဖြစ်စဉ်သိရှိတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကလေးရဲ့အဖွား မရှိချိန် လွတ်တဲ့အချိန်မှာ ပြုကျင့်တာပေါ့။ အိမ်သာထဲမှာ အိပ်ယာတွေမှာ ပြုကျင့်တာ။ ကလေးကို ပြုကျင့်လာတာ ကြာလာတော့ ကလေးရဲ့ အမျိုးသမီးအင်္ဂါက အိမ်ထောင်သည်လို ဖြစ်သွားပြီ။ အဲလိုပြုကျင့်လာတော့ ကလေးမက မခံနိုင်တော့ သူ့အဖွားကို ပေါင်ကားပြီး ပြတာပေါ့။ သူအရမ်းနာတယ်။ ဗိုက်တွေလည်း နာတယ်။ အရမ်းစပ်တယ်။ ပူတယ်ပေါ့။ မနေ့က ပြုကျင့်နေတဲ့အချိန်မှာပဲ ကလေးရဲ့အဖွားက မိသွားတာ”

ကလေးငယ်ဟာ အသက် ၁ နှစ်နဲ့ ၇ လအရွယ်ကတည်းက အဲဒီအမျိုးသားရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရပြီး အခုနဲ့ဆိုရင် အဓမ္မပြုကျင့်ခံရတာ ၂ နှစ်ဝန်းကျင်အထိ ရှိလာပြီလို့ ဆိုပါတယ်။

“ကလေးကလည်း ဘယ်လူကြီးကိုမှ အကပ်မခံဘူး။ ကြောက်လွန်းတာပေါ့။ ကလေးကတော့ တော်တော်ကြောက်နေပြီ။ ကြောက်တယ်ပဲ ပြောနေတာ သူ့အဖွားကို” ဆိုပြီး အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

လက်ရှိမှာ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်ကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေပြီး ကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ အမျိုးသားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့် အရေးယူမှု ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *