စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ ရှမ်းမြောက်တွင် စစ်ပြင်နေ

တရုတ်၏ကြားဝင်မှုကြောင့် ယာယီအပစ်ရပ်ထားကြသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တစ်ကျော့ပြန်စစ်ရေးတင်းမာနေပြီး စစ်ပြင်နေကြသည်ဟု သိရသည်။

ဇွန် ၉ ရက်က မိုးမိတ်မြို့နယ်အတွင်းရှိ ၎င်းတို့တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် တိုက်လေယာဉ်ပေါ်မှ ပေါင် ၅၀၀ ဗုံးဖြင့်ပါ ကြဲချတိုက်ခိုက်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း TNLA ရဲဘော်တချို့ဒဏ်ရာရခဲ့သည်၊ အဆိုပါ လုပ်ရပ်သည် တရုတ်၏အကူအညီဖြင့် လက်မှတ်ထိုးထားသည့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် သီပေါနှင့် လားရှိုးမြို့အနီး TNLA နှင့် MNDAA တပ်များ ရောက်ရှိနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က သီပေါနှင့် လားရှိုးမြို့တို့ကို ဝင်ထွက်နိုင်သည့် လမ်းပိုင်းတချို့ကို မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဇွန် ၁၂ ရက်နေ့တွင် TNLA တပ်များ သိမ်းပိုက်ထားသည့် နမ္မတူမြို့နှင့် သီပေါမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းကို စစ်ကောင်စီတပ်က မြေတူးစက်ဖြင့် ကော်ပြီး လမ်းကို ဖျက်ဆီးလိုက်သည်ဟု သီပေါမြို့နယ် မိုးတေရွာ ဒေသခံတစ်ဦးက ပြောသည်။

“ဘတ်ဖိုးနဲ့ လာကုပ်တယ်လေ၊ သီပေါနဲ့ နမ္မတူလမ်းကို မိုးတေနဲ့ သီပေါကြားပေါ့၊ သုံးမိုင်လောက်ပဲ ဝေးတယ်၊ ဆိုင်ကယ်ကတော့ လမ်းဖွင့်ပေးမယ်ပြောတယ်၊ ကျန်တာတော့ ကားတွေတော့ မရတော့ဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

TNLA တပ်များ နမ္မတူ၊ နမ့်ဆန်မြို့များမှတစ်ဆင့် သီပေါမြို့သို့ ဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် ယခုလို ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ မိုးတေဒေသခံက သုံးသပ်သည်။

ထို့ပြင် လားရှိုးမြို့အနီးတွင်လည်း TNLA တပ်များအပြင် ကိုးကန့်တပ် MNDAA တပ်များပါ အင်အားအလုံးအရင်းနှင့် ရောက်ရှိနေသည်ဟူသော သတင်းများထွက်ပေါ်နေကြောင်း လားရှိုးဒေသခံတချို့က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ဇွန် ၁၃ ရက်တွင် လားရှိုးမြို့-မိုင်းယော်ကားလမ်းမကြီးကို မြို့အဝင်အနီး ကောင်းဟုန်၊ နမ့်ဖနှင့် မန်နားရွာ သုံးနေရာတွင် မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ကြောင်း TNLA က ဇွန် ၁၃ ရက်က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က လားရှိုးမြို့ကို တော်လှန်ရေးအင်အားစု ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်နေ၌ လမ်းမများကို ထိုသို့ ဖြတ်တောက်နေသည်၊ ဒေသခံများအတွက် သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်စေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီတပ်က သီပေါမြို့တွင် တပ်အပြောင်းအရွှေ့များနှင့် အင်အားဖြည့်တင်းမှုများရှိနေသလို ယခုလဆန်းပိုင်းကလည်း လားရှိုးမြို့ကို အင်အား ၃၀၀ ကျော်နှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခဲ့သည်ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံ လွေးယေဦးက ပြောသည်။

“လက်ရှိက စစ်ကောင်စီတပ်ကလည်း သူ့အလုပ်သူလုပ်နေတာဖြစ်တယ်၊ လူအင်အားတွေထပ်ဖြည့်တာ လမ်းတွေဖျက်ပစ်တာတွေ အခြားသော နေရာတွေမှာလည်း အင်အားတွေဖြည့်တင်းနေတာ တွေ့ရပါတယ်” ဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့ လုပ်ငန်းစဉ်များကိုလုပ်ဆောင်နေသလို TNLA အနေဖြင့်လည်း ၎င်းတို့လုပ်စရာလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားသော်လည်း အတိအကျကိုတော့ ပြောဆိုခြင်းမရှိပေ။

ထို့အတူ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကိုးကန့်တပ် MNDAA ကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်သည်ဆိုသည့် သတင်းများကြောင့် လားရှိုးမြို့ခံတချို့ စိုးရိမ်နေကြသလို စစ်ကောင်စီတပ်ကလည်း မြို့တွင်း၌ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသည်ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘာကြောင့်စစ်လဲတော့ မသိပေမဲ့ အဲဒီသတင်းတွေထွက်လာပြီးနောက်ပိုင်း အစစ်အဆေးတော့ နည်းနည်းပိုလာတယ်၊ လမ်းတွေဖျက်ထားလို့ နမ္မတူတို့ ဘာတို့ဘက် ကုန်တွေမပို့နိုင်တာတွေလည်း ရှိတယ်၊ ဒေသခံတွေနဲ့ ကားသမားတွေကတော့ သတိထား စောင့်ကြည့်နေရတာပေါ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

သို့သော် လားရှိုးမြို့ပေါ်တွင်မူ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသလို ဈေးဆိုင်များလည်း ပုံမှန်အတိုင်းပင် ဖွင့်လှစ်ရောင်းချနေသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA၊ MNDAA နှင့် AA တို့အပြင် မဟာမိတ်တချို့ကပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ ဆွေးနွေးခဲ့သည်။ ဟိုင်ဂင်သဘောတူညီချက်ဖြင့် ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ရှမ်းမြောက်တွင် အပစ်ရပ်ခဲ့ကြသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ကိုးကန့်ဒေသတစ်ခုလုံးအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များနှင့် နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *