အောင်သာဝရစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းမိ

အောင်သာဝရစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းမိ

တနင်္သာရီမြို့နယ်က အောင်သာဝရစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းမိတယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။

တနင်္သာရီမြစ်ကမ်းနဘေးက အဲဒီစခန်းကို လွန်ခဲ့တဲ့တစ်လ‌လောက်ကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေက ချဥ်းကပ်တိုက်ခိုက်နေတာဖြစ်ပြီး မနေ့က နေ့လယ်ပိုင်းမှာတော့ အပြီးသတ် သိမ်းပိုက်လိုက်တာပါ။

စခန်းသိမ်းတိုက်ပွဲအပြီးမှာ စခန်းအတွင်း စစ်ကောင်စီတပ်သားအလောင်း ၁၇ လောင်းကိုတွေ့ရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်စောနားကဆိုပါတယ်။

“သူတို့သေတာကိုတော့ အလောင်းတွေကျန်ခဲ့တာပဲသိရတာပေါ့နော်။ ကျန်တဲ့ စစ်သားတွေအားလုံးလည်း ထွက်ပြေးသွားတယ်။ ခန့်မှန်းခြေသုံးဆယ်ဝန်းကျင်လောက်ရှိမှာပေါ့” လို့ အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။

ဒါ့အပြင် စခန်းကနေ ၁၂၀ မမ လက်နက်ကြီးနှစ်လက်၊ ၈၁ မမလက်နက်ကြီးတစ်လက်၊ ၆၀ မမလက်နက်ကြီးတစ်လက်၊ စက်လက်နှစ်လက်၊ RPG နှစ်လက်၊ စနိုက်ပါနှစ်လက်၊ ၁၂၀ မမကျည် တစ်ရာ့ရှစ်ဆယ်ကျော်၊ ၆၀ မမကျည် တစ်ရာကျော်အပြင် သေနတ်တွေနဲ့ မိုင်းတွေအများအပြားကို သိမ်းမိခဲ့တယ်လို့ သူကဆိုပါတယ်။

‌အောင်သာဝရစခန်းကို KNU တပ်မဟာ ၄ ရဲ့ Black Tiger စစ်ကြောင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ အဲဒီစစ်ကြောင်းမှာ KNDO တပ်ရင်း ၇၊ KNLA တပ်ရင်း ၁၀ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပါဝင်တယ်လို့ ပဒိုစောအယ်နားကဆိုပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ စစ်သားတွေလည်းရှိနေတာကြောင့် နယ်မြေစိုးမိုးပြီး ရှင်းလင်းတတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KNU ဘက်ကပြောပြချက်အရ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်‌ရေးတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတချို့ရှိခဲ့တယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့မသိရသေးပါဘူး။

အဲဒီစခန်းဟာ ၁၉၉၇ ခုနစ်ကတည်းကရှိနေတဲ့စခန်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပုလောအခြေစိုက် ခလရ (၂၈၅) နဲ့ မြိတ်အခြေစိုက် အမတ (၃၀၁) ရဲ့ တပ်ခွဲတစ်ခုတို့က အင်အား ၅၀ ဝန်းကျင်နဲ့ ပူးပေါင်းပြီး တပ်ထိုင်ထားတဲ့စခန်းဖြစ်တယ်လို့ ပဒိုစောအယ်နားကဆိုပါတယ်။

“အဲဒီစခန်းထိုင်ထားတာက အောင်သာဝရရွာ၊ ကရင်အခေါ်ကတော့ ဝိတိုးရိလို့ခေါ်တာပေါ့နော်။ ၁၉၉၇ ခုနစ်ကတည်းက စစ်တပ်ကထိုးစစ်ဆင်တော့ရွာကပျက်တယ်။ သူတို့ကအဲဒီမှာပဲတပ်ထိုင်လိုက်တာ” လို့ ပဒိုစောအယ်နားကပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲ ပြီးခဲ့တဲ့မေလအကုန်ပိုင်းကတစ်ကြိမ်နဲ့ မနေ့ကတစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ပြောပြချက်အရသိရပါတယ်။ မနေ့ကလေကြောင်းတိုက်ခိုက်တာကတော့ KNU နယ်မြေအတွင်းက ဆေးရုံအဆောက်အအုံဖြစ်ပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ KNU ဘက်ကဆိုပါတယ်။

အောင်သာဝါရစခန်းကိုသိမ်းပိုက်လိုက်တာကြောင့် စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီစခန်းနဲ့ ပျူစောထီးစခန်းပေါင်း ၁၀ ခုအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ပုံစာ – အောင်သာဝရစခန်းမှ သိမ်းမိလာသော လက်နက်ခဲယမ်းများနှင့် Black Tiger တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ – သုးခိဉ်သဉ်မံညီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *