ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် မင်းဂံရပ်ကွက်တွင် ကလေးသူငယ်များအပါအဝင် ဒေသခံပြည်သူ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံသိရသည်။
မင်းဂံကယ်ဆယ်ရေးစခန်းအပါအဝင် ရပ်ကွက် (၉) နှင့် (၁၀)တွင်နေထိုင်သော ဒေသခံများအား ယမန်နေ့(ဇွန်လ ၁၅ ရက်)ည ၁၁ နာရီဝန်းကျင်တွင် ဧည့်စာရင်းစစ်ဆေးသည့်အသွင်ယူကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။
” မနေ့က ညတွင်းကြီး စစ်ကား သုံးစီးနဲ့ရောက်လာတာ၊ ၁၀၀ ကျော် ၂၀၀ နီးပါးဖမ်းသွားတယ်။ ကလေးတွေလည်းပါတယ်။ ဧည့်စာရင်း ဝင်စစ်တဲ့ပုံစံဖမ်းတာ၊ ရပ်ကွက်ကတော့ နှစ်ရပ်ကွက်က သူတွေကို ဖမ်းတာ၊ ကျန်တာက ကယ်ဆယ်ရေးစခန်းရော တခြားရွာတွေက ဆွေမျိုးတွေဆီမှာ သွားနေတဲ့သူတွေ၊ ချမ်းပြင်၊ အောင်တိုင်ဘက်က ဝင်လာတဲ့သူတွေ၊ လူနေရပ်ကွက်ကသူတွေလည်းပါတယ်၊ တခါထဲကားပေါ်တင်သွားတာ။ ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသူများအနက် အချို့မှာ လွန်ခဲ့သည့် ရက်သတ္တပတ်က စစ်ကောင်စီတပ်က မင်းဂံနှင့်အနီးတဝိုက်ရှိ ရေချမ်းပြင်၊ အောင်တိုင်၊ ပလ္လင်ပြင်နဲ့ စသည့်ကျေးရွာများမှ အရပ်သားများကို မင်းဂံရပ်ကွက်ပေါ်သို့ ပြောင်းရွှေ့ခိုင်းထားသူများလည်း ပါဝင်ကြောင်းသိရသည်။
”သူတို့ကို အခုဘယ်မှာထားထားလဲမသိဘူး၊ ဒီနေ့လည်း ထပ်ဖမ်းမယ်လည်းပြောတယ်။ ကျန်တဲ့ရပ်ကွက်ကသူတွေကတော့ ပြေးတဲ့သူလည်းပြေးမှာပေါ့၊ ပြေးစရာမှမရှိတာ အိမ်မှာပဲနေနေရတယ်” ဟု မင်းဂံရပ်ကွက်တွင်နေထိုင်သူ တဦးကပြောသည်။
မင်းဂံရပ်ကွက်သည် ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီးစစ်တွေမြို့၏အနောက်ဘက်ရှိ အဝေးပြေးကားဂိတ်နားတွင် တည်ရှိသည်။ စစ်တွေမြို့မှ ဆိုင်ကယ်ဖြင့်သွားလျှင် မိနစ် ၂၀ အကွာအဝေးရှိသည်။
ယင်းဖြစ်စဉ်နှင့်အလားတူ မေလ ၂၉ ရက်ကလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၁၀၀ ကျော်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးသွားသူများအနက် ကလေးသူငယ်နှင့် အမျိူးသမီးများပါဝင်ပြီး ၎င်းတို့ကို မေလ ၃၁ ရက်တွင်လွှတ်ပေးလိုက်သော်လည်း အမျိုးသားများကိုမူ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်။
အဆိုပါ ၁၀၀ ကျော်အနက် အချို့မှာညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားပြီး အချို့ကို အာရက္ခတပ်တော်(AA)နှင့်နီးစပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်တွေမြို့ပေါ်တွင် ရုံးထုတ်စစ်ဆေးနေပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ထားကြောင်း ဗျိုင်းဖြူကျေးရွာဒေသခံထံက သိရသည်။
ဗျိုင်းဖြူကျေးရွာတွင် စစ်ကောင်စီ၏သတ်ဖြတ်ခြင်းကိုခံရသည့်အရပ်သား စုစုပေါင်း ၅၀ ကျော်ရှိကြောင်း အာရက္ခတပ်တော်(AA)ကထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်ရှိ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့တွင်နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲမရှိသည့် ဒေသမှအရပ်သားပြည်သူများကို နိုင်ထက်စီးနင်း အကြမ်းဖက်ရိုက်နှက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
Leave a Reply