လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်းဆောင် ပြောဆိုပြန်

လာမယ့် ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုပြန်ပါတယ်။

ဇွန်လ ၁၅ ရက် မနေ့က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်းရှိ ၄င်းရဲ့လက် အောက် ခရိုင်၊မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို တွေ့ဆုံပြီး စစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ၄င်းတို့အနေဖြင့် လာမယ့်အောက်တိုဘာလအတွင်းမှာ လူဦးရေနဲ့သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကို ၂ နှစ်သတ်မှတ်ပြီးနောက် ပုံမှန်အခြေအနေမဟုတ်ဟုဆိုကာ ၆ လ ၃ ကြိမ် ထပ်မံသက်တမ်းတိုးခဲ့ပြီး မူလက ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ကျင်းပနိုင်တာမရှိဘဲ လုံခြုံရေးအခြေအနေတွေအရ ရွေးကောက် ကျင်းပမယ့်ကာလကို အတိအကျမပြောနိုင်သေးဘူးလို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေတွေအရလည်း စစ်ကောင်စီက ၄င်းတို့ရုံးစိုက်တဲ့ နေပြည်တော်နယ်မြေတခုလောက်သာ အပြည့်အဝထိန်းချုပ်ထားနိုင်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ မတည်ငြိမ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *