KNU တပ်မဟာ(၄)နယ်မြေရှိ ကျောက်လုံးကြီးတပ်စခန်းမှ စစ်သားများ စခန်းစွန့်ထွက်ပြေး

အောင်သာ၀ရစခန်းကို KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်ပြီးနောက် စခန်းစွန့်သွားခြင်းဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီ၏ ကျောက်လုံးကြီးစခန်းသည် ဇွန်လ ၁၅ရက်တွင် စခန်းစွန့်ထွက်ပြေးသွားကြောင်း ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြစ်ဘေးရှိ အောင်သာ၀ရ တပ်စခန်းကို KNLAနှင့် PDF ပူးပေါင်းတပ်က ဇွန်လ ၁၄ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျောက်လုံးကြီးစခန်းလည်း စခန်းစွန့်သွားခြင်းဖြစ်သည်။

အောင်သာ၀ရ တပ်စခန်းတွင် ခလရ(၂၈၅)တပ်ဖွဲ့ဝင်များ ထိုင်ထားခြင်းဖြစ်ပြီး ယခု စခန်းစွန့်သွားသည့် ကျောက်လုံးကြီး စခန်းသည်လည်း ခလရ(၂၈၅) တပ်ဖွဲ့ဝင်များ ထိုင်ထားသည့် စခန်းဖြစ်သည်။

” အဲဒီ လဖာဒိုလေ ကျောက်လုံးကြီး စခန်း ဗျူဟာကုန်းက မနေ့က ၁၅ရက်မှာ သူတို့က စခန်းကို စွန့်လွှတ်ပြီးတော့ ထွက်ခွာသွားတာ။ ကျောက်လုံးကြီးက တနင်္သာရီမြစ်ဘေးနားမှာ ။ ကရင်ရွာထဲကို သူက အခြေစိုက်တယ်။ သူတို့က အောင်သာ၀ရ ကျပြီးနောက်မှာ သူတို့ စိုးရိမ်လို့ထင်တယ် ထွက်ခွာသွားတယ်။ ထွက်ခွာသွားတော့ သူတို့ စခန်းကပုလောမှာရှိတယ် ။ ခလရ ၂၈၅ က”ဟု ပဒိုစောအယ်နားက ပြောသည်။

KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခြင်းမပြုရသေးခင် စခန်းစွန့်ထွက်ပြေးသွားခြင်းဖြစ်သည် ဟု ဆိုသည်။

KNLA တပ်မဟာ(၄)နယ်မြေတွင် ယခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၉ခုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။ ဇွန်လ ၁၄ရက်က သိမ်းပိုက်ခဲ့သည့် အောင်သာ၀ရ တပ်စခန်းသိမ်းပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၇လောင်းတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့သည်။

(စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် ကျောက်လုံးကြီးတပ်စခန်းမြေပုံ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *