စစ်သားသစ်စုဆောင်းပေးနေသည့် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

စဉ့်ကူးမြို့နယ်တွင် စစ်သားသစ်စုဆောင်းပေးနေသည့် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပေါက်ခေါင်းမြို့နယ်တွင်လည်း စစ်ကောင်စီခန့် ယာယီအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် စစ်သားသစ်စုဆောင်းပေးနေသည့် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က စဉ့်ကူးမြိုနယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာရှိ ဗိုလ်ကြီးအောင်ကိုကို (အငြိမ်းစား) အား တော်လှန်ရေး ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ ပစ်ခတ်ရှင်းလင်းသွားကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်သားသစ် စုဆောင်းပေးရာမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနေလို့ ရှင်းတာလို့သိရတယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

စဥ့်ကူးမြို့နယ်သည် တော်လှန်ရေးအားကောင်းရာဒေသ​ဖြစ်ပြီး ဇွန်လ ၁၁ နှင့် ၁၂ ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။

တခြားသတင်းတစ်ရပ်အဖြစ် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ရှင်းလင်းခံရသော အုပ်စုအုပ်ချုပ်ရေးမှူးနေရာ၌ ဝင်ရောက်လုပ်ကိုင်နေသော စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်အရေးယူခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပေါက်ခေါင်းနယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊အုပ် ချုပ်ရေးမှူးညွှန်စိုးအား ရှင်းလင်းပြီးနောက် ၎င်း၏နေရာတွင်လုပ်ကိုင်နေသူ လွှစင်ကုန်းရွာနေပွားသီးဆိုသူကို တပ်ရင်း ၃၆၀၁၊တပ် ခွဲ(၁)ရွှေလေးညီနောင်အဖွဲ့နှင့် ပေါက်ခေါင်း (ပကဖ) ဆောင်းခိုငှက်အဖွဲ့တို့ပူးပေါင်းပြီး ဇွန်လ ၁၃ ရက် ညနေတွင် လမ်းမှစောင့်ကြိုပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“သဖန်းကိုင်းနဲ့ အင်းငါးခွသကြားစက်ကြားမှာ ယာထဲကနေ ဟင်းသီးဟင်းရွက်ခူးပြန်အလာမှာ ရှင်းလိုက်တာ”ဟု တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသော ပွားသီးဆိုသူမှာ အုပ်စုအုပ်ချုပ်ရေးမှူးတာဝန်(ယာယီ) ထမ်းဆောင်နေသည့်အပြင် ပျူစောထီးသင်တန်းအပတ်စဉ်(၁)သင်တန်းဆင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စစ်က မှုထမ်းရန်စစ်သားစု ဆောင်းရာတွင်လည်း အားတက်သရောလုပ် ကိုင်ပေးနေသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ပြည်သူနှင့်ပူးပေါင်းကာ ရာထူးမှနှုတ်ထွက်ရန် အ ကြိမ်ကြိမ်သတိပေးထားသည့်ကြားမှ ဆက် လက်လုပ်ကိုင်နေသူများကိုလည်း ပြတ်ပြတ်သားသား ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟု တပ်ရင်း ၃၆၀၁က အသိပေထားသည်။

အထက်ပါ ကြို့ပင်ဝိုင်းအုပ်စုမှ စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ညွန့်စိုးဆိုသူအားလည်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)မှ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့သည်။

ပြည်ခရိုင်အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းရှိမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုင်များကို တိုက်ခိုက်လျှက်ရှိရာ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်များတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *