ကြေးစား အကြွေးတောင်း ပျူလူငယ်တွေအကြောင်း မဘသ ဘုန်းကြီးက စစ်တပ်ကိုတိုင်..

စစ်တပ်က လိုက်ဖမ်းလို့ ပျူလူငယ်အဖွဲ့ ထွက်ပြေး..

ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်း ကြေးစားအကြွေးလိုက်တောင်းတဲ့ အဖွဲ့ဖွဲ့ထားပြီး အကြွေးမပေးနိုင်တဲ့သူတွေကို မိုက်ကြေးခွဲတဲ့ လူငယ်တချို့ကို မဘသ ဘုန်းကြီးက စစ်တပ်ကိုတိုင်လို့ အဖမ်းခံရတဲ့သူရှိသလို ထွက်ပြေးလွတ်မြောက်နေသူတွေပါရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်မြို့ အမှတ် ၆ ရပ်ကွက် ခိုင်နှင်းဆီ၊ ခိုင်စပ္ပါယ်၊ ခိုင်သဇင်၊ ခိုင်မာလာ၊ ခိုင်သစ္စာလမ်းတွေထဲက ပျူစောထီးအဖွဲ့ဝင် လူငယ်တချို့က ကြေးစား အကြွေးတောင်းအဖွဲ့ ဖွဲ့ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုအကြွေးတောင်းတဲ့ လူငယ်တွေက လူမိုက်ဂိုဏ်းပုံစံပဲ။ မအူပင်မှာ ဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့တွေလေ။ သူတို့က အကြွေးတောင်းပေးတဲ့ အလုပ်လုပ်နေကြတာ။ အကြွေးရစရာရှိတဲ့သူတွေက သူတို့ကိုငှားပြီး တောင်းခိုင်းတာလေ။ ဇွန်လ ဒုတိယအပတ်က ပြည်ထောင်စု ဘုန်းကြီးကျောင်း ကျောင်းထိုင်မဘသ ဆရာတော် ဦးဝိစိတ္တရဲ့ ဒကာမဆီမှာ အကြွေးသွားတောင်းတာ ဟိုကမပေးနိုင်သေးဘူးပြောလို့ ဗိုက်ကိုဓားထောက်ပြီး မိုက်ကြေးခွဲတောင်းလို့ အကြွေးပေးရမယ့်သူက သူ့ရဲ့ဘုန်းကြီးကိုအကြောင်းကြားခဲ့တာ။ ဘုန်းကြီးက စစ်တပ်ကိုတိုင်ပြီးဖမ်းခိုင်းလို့ မိတဲ့သူမိပြီး ထွက်ပြေးလွတ်မြောက်တဲ့သူတွေ လွက်မြောက်သွားတယ်” လို့ မအူပင်မြို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ကစပြီး ပျူလူငယ်တွေ ထွက်ပြေးသွားလို့ မိဘအုပ်ထိန်းသူတွေကို စစ်တပ်က ခေါ်ယူစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအကြွေးတောင်းဂိုဏ်းအဖွဲ့ဝင် ၇ ယောက်ထဲက ၁ ယောက်သာ ဖမ်းဆီးရမိပြီး ကျန် ၆ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေသေးတယ်လို့ အထက်ပါဒေသခံက ထပ်မံပြောဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မအူပင်မှာ တာဝန်ကျနေတဲ့ စစ်တပ်အရာရှိတွေက အရပ်သားပျူစောထီးအဖွဲ့ဝင်တွေကို မွေးမြူကာ လောင်းကစားဒိုင်တွေဆီမှာ လိုင်းကြေးတောင်းယူခိုင်းတာတွေပြုလုပ်နေပြီး ပျူစောထီးအဖွဲ့ဝင်တွေကလည်း ၂ လုံးဒိုင်၊ ၃ လုံးဒိုင်၊ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေဆီက လိုင်းကြေးတောင်းယူတာတွေကို လုပ်ဆောင်နေကြတာပါ။

လူမိုက်ဆန်ဆန် အကြွေးတောင်းဂိုဏ်းပါဖွဲ့ပြီး အကြွေးလိုက်တောင်းနေရာက စစ်ကောင်စီနဲ့ပတ်သက်တဲ့ မဘသဘုန်းကြီးရဲ့ဒကာမဆီမှာ အကြွေးတောင်းမိလို့ စစ်တပ်ရဲ့လိုက်လံဖမ်းဆီးတာကို ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *