အာဏာသိမ်းခေါင်းဆောင်ကို ရှော့တိုက်ဒုံးနဲ့ပစ်မယ့်စွပ်စွဲချက်နဲ့ ဖမ်းခံရသူ ၁၃ ဦးထိရှိလာ

အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်တဲ့ သန်လျင်တံတားဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ဖို့ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ လူငယ် ၁၃ ဦးထိရှိလာပါပြီ။

ကနဦးက အမျိုးသမီး ၁ ဦးအပါအဝင် လူငယ်အမျိုးသား ၉ ဦး ဖမ်းခံခဲ့ရတာဖြစ်ပြီး နောက်ထပ် လူငယ်အမျိုးသား ၄ ဦး ထပ်မံဖမ်းခံရတာလို့ စစ်ကောင်စီရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။

တံတားဖွင့်ပွဲ ပြုလုပ်တဲ့ ဇွန်လ ၈ ရက်မနက်ပိုင်းမှာတင် လူငယ် ၉ ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တွေအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ ရက်က မင်္ဂလာတောင်ညွှန့်နဲ့ လှိုင်သာယာမြို့နယ် တွေမှာ လူငယ် ၄ ဦး ထပ်ဖမ်းခဲ့တာပါ။

ထပ်မံဖမ်းဆီးခဲ့သူ ၄ ဦးဟာ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ဖြစ်တယ်လို့ စစ်ကောင်စီ က ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ဖို့ လုပ်ဆောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခံရသူလူငယ် တွေမှာ အသက် ၁၈ နှစ်ကနေ ၃၀ ကြားလူငယ် ၉ ဦးပါပြီး အသက် ၃၀ ကျော်အရွယ်ကတော့ ၄ ဦးပါဝင်တာတွေ့ရပါတယ်။

စစ်ကောင်စီက ထုတ်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာ ဖမ်းခံရသူအချို့ရဲ့မျက်နှာမှာ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကိုတွေ့ရပါတယ်။

သူတို့တွေဟာ NUG အစိုးရ အဖွဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ညွှန်ကြားချက်နဲ့ တံတားဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ဖို့လုပ်ဆောင်ခဲ့တာလို့စစ်ကောင်စီက စွပ်စွဲထားပါတယ်။

တံတားဖွင့်ပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်ဘေး ကနေ ပစ်ခတ်လို့စီစဉ်ခဲ့တာလို့စစ်ကောင်စီက စွပ်စွဲထားတာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *