စစ်သား အလောင်း ၄၀ ကျော်ကို စစ်တပ်က ၃ လ နီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိ

ညောင်ရွှေ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်း ၄၀ ကျော်ကို စစ်တပ်က ၃ လ နီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိသောကြောင့် PDF က သဂြိုလ်ပေးနေရ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်း ၄၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ၃ လနီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိသောကြောင့် PDF တပ်ဖွဲ့များက ကောက်ယူ သဂြိုလ်ပေးခဲ့ကြောင်း Bees Column မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာနှင့် ရေပူရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများကို အကြမ်း ဖက် စစ်တပ်က ၃ လနီးပါးကြာသည် အထိ လာရောက် ကောက်ယူခြင်း မရှိကြောင်း သိရသည်။

ထို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် ပုတ်ပွနေသော စစ်သားအလောင်းများကို ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းရေး ပြုလုပ်ပြီး သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

“သူတို့လည်း လူတွေပဲလေ လူ့ဂုဏ်သိက္ခာနဲ့အညီတော့ ဖြစ်သင့်ပါတယ်။ သူတို့လူကြီးက တန်ဖိုးမထားတော့လည်း သူတို့အတွက်က စိတ်မကောင်းစရာပါပဲ။ ၂ လကျော်ကြာတဲ့အထိ စစ်တပ်က အလောင်းလာရောက် ကောက်ယူခြင်းမရှိတဲ့အတွက် ပူးပေါင်းအဖွဲ့က ကောက်ယူ သဂြိုလ်ပေးခဲ့ပါတယ်” ဟု Bees Column မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *