ထောင်ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဒိုက်ဦးထောင်အတွင်း အကြမ်းဖက်ခံနေရ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ဇွန်လ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လာတဲ့ အကျဉ်းသူ အယောက် ၄၀ ဟာ အကျဉ်းထောင်အတွင်း အကြမ်းဖက်ခံနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်ပြောင်းလာတဲ့အကျဥ်းသူတွေရဲ့ အစားအသောက်နဲ့ ပစ္စည်းတွေကို အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက မူးယစ်ဆေးထည့်သွင်းလာတယ်လို့ အကြောင်းပြရှာဖွေခဲ့ပြီး ပစ္စည်းပြန်မပေးတာကြောင့် ညှိနှိုင်းတောင်းဆိုရာကတစ်ဆင့် ထောင်တွင်းဆူပူမှုဖြစ်တယ်လို့ဆိုကာ ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

“လေးခွတွေနဲ့ ပစ်တာမျိုး၊ နံပါတ်တုတ်တွေကိုင်ပြီး ရိုက်နှက်တာတွေ သေနတ်တွေနဲ့ မိုးပေါ်ကို ပစ်သလို ခြိမ်းခြောက်တာမျိုးပေါ့နော်။ ငါနဲ့ကိုင်တုတ်ပြီး ကြိုက်တဲ့ကောင်မထွက်ခဲ့ ဆဲဆိုတာမျိုးလဲ ဆဲဆိုကြိမ်းမောင်းတယ်။” လို့ နိုင်ငံရေးအကျဥ်းသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

နံပါတ်တုတ်တွေနဲ့ သံတိုင်ကိုပစ်ပေါက်တာ၊ အပြင်ကနေ လေးခွနဲ့ပစ်တာ၊ အခန်းတွင်းအထိ ဝင်ရိုက်တာ၊ မုဒိန်းကျင့်မယ်လို့ ခြိမ်းခြောက်တာ စတဲ့ လုပ်ရပ်တွေလည်း ကျူးလွန်ခဲ့တယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရိုက်နှက်မှုကြောင့် ထောင်ပြောင်းလာတဲ့ နိုင်ကျဉ်းသူ အယောက် ၃၀ ကျော်နဲ့ အရင်ကတည်းက ဒိုက်ဦးထောင်မှာ ရှိနေတဲ့ နိုင်ကျဉ်းသူ ၅၀ ကျော်တို့ဟာ ဒဏ်ရာရခဲ့ကြပြီး အဲဒီထဲက နိုင်ကျဉ်းသူ ၅ ဦးနဲ့အထက်ဟာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အရိုက်ခံထားရသူတွေကို ဒိုက်ဦးဆေးရုံမှာ ကုသပေးနေပေမယ့် နိုင်ကျဉ်းသူ တစ်ဦးကိုတော့ တိုက်ပိတ်ထားပြီး ဆေးဝါးကုသခွင့်လည်း မပေးဘူးလို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“သူတို့က နိုင်ကျဉ်းတွေနဲ့ တခြားအမှုနဲ့ ကျနေတဲ့သူတွေကို ရန်တိုက်ပေးတယ်။ ပြီးရင် ဆူပူမှု မဖြစ်ဖြစ်အောင်လုပ်ပြီး နောက်မှုထပ်တိုးအောင်လုပ်တယ်။ တခြားအမှုတွေကို ဘာမှမလုပ်ဘဲနဲ့ နိုင်ကျဉ်းတွေကို ဆွဲခေါ်ရိုက်နှက်ပြီး တိုက်ပိတ်ထားတာမျိုးတွေ ကြုံနေရတယ်ပေါ့နော်” လို့ ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုလို ရိုက်နှက်မှုကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေဖြစ်တဲ့ ဦးစီးအရာရှိ ကျော်ဇေယျ ဦးဆောင်ပြီး တစ်ပွင့်နဲ့အရာရှိတွေ ဖြစ်တဲ့ မျိုးသီဟ‌အောင်၊ မင်းဇော်သိန်းနဲ့ အဆောင်မှူးကိုလေးမြင့်တို့က ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လာသူထဲမှာ အကျဉ်းသား ၁၀၀ နဲ့ အကျဉ်းသူ ၆၀ ပါဝင်ပြီး အဲဒီထဲက အယောက် ၄၀ ဟာ နိုင်ငံရေးအကျဉ်းသူတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက်(PPNM) ကနေတဆင့် သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top