ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှု ထောင်ထဲ ပြုလုပ်မည်ကို စစ်ကောင်စီ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အဖြစ် ဇွန် ၁၉ တွင် “ပန်းသပိတ်” လှုပ်ရှားမှုကို တော်လှန်ရေးအင်အားစုများက ကျင်းပရန် ပြင်ဆင်နေရာ ထိုလှုပ်ရှားမှုများ ထောင်ထဲ ရောက်မလာစေရန် စစ်ကောင်စီက တင်းကျပ်စွာစောင့်ကြည့်နေပြီး ရာနှင့်ချီသည့် နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) များကိုလည်း ရုတ်တရက်ထောင်ပြောင်းရွှေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အဖြစ် “ပန်းသပိတ်” လှုပ်ရှားမှုမတိုင်မီ ရက်ပိုင်းအလိုတွင် မန္တလေး အိုဘို၊ မွန်ပြည်နယ် ကျိုက်မရော ထောင်တို့မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် တိတ်တဆိတ် ထောင်ပြောင်းရွှေ့ခံခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇွန် ၁၅ တွင် ထုတ်ပြန်ထားသည်။

မွန်ပြည်နယ် ကျိုက်မရောထောင်မှ နိုင်ကျဉ်းအမျိုးသား ၁၀၀ ကျော်၊ အမျိုးသမီး ၆၀ ကျော်ကို ဒိုက်ဦးနှင့် သာယာဝတီထောင်များသို့လည်းကောင်း၊ မန္တလေး အိုးဘိုထောင်မှ နိုင်ကျဉ်း ၇၃ ဦးနှင့် မူးယစ်မှု ၃ ဦးကို မြင်းခြံနှင့် မကွေးထောင်များသို့လည်းကောင်း ထောင်ပြောင်းရွှေ့နေသည်ဟု PPNM ထုတ်ပြန်ချက်က ဆိုသည်။

ဇွန် ၁၅ နံနက် ၂ နာရီခန့်တွင် ရုတ်တရက် ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ အများစုသည် ထောင်တွင်းလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်သူများဖြစ်သည်ဟု PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးကပြောသည်။

“ထောင်ပြောင်းရွှေ့ရာမှာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို အမြဲတမ်း ခုခံကာကွယ်တဲ့သူတွေ အဖိနှိပ်ခံအကျဉ်းသားတွေဘက်က အမြဲရပ်တည်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်တွင်းလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ လူတော်တော်များများကို သေချာရွေးချယ်ပြီး ပို့ခဲ့တာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ထောင်ပြောင်းရွှေ့မှုမှာ ဇွန် ၁၉ တွင် ပေါ်ပေါက်လာမည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လှုပ်ရှားမှု၊ ဩဂုတ် ၈ တွင် ပေါ်ပေါက်လာမည့် ရှစ်လေးလုံးအရေးတော်ပေါ်လှုပ်ရှားမှု စသည့် ထောင်တွင်းလှုပ်ရှားမှုများ မပေါ်ပေါက်စေရန် အာဏာပိုင်များက စနစ်တကျ ဖြိုခွဲခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

ထောင်တွင်း ဖိနှိပ်မှု

ဇွန် ၁၂ ညနေပိုင်း ၆ နာရီခန့်က ကျိုက်မရောအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်နှင့် အမျိုးသားအဆောင်ကြား အုတ်ရိုးအထက် သွပ်အမိုး တပ်ဆင်ကြစဉ် လွတ်ရက်နီး အကျဉ်းသားတစ်ဦး ဓာတ်လိုက်ပြီး ပြုတ်ကျရာမှ ထောင်ပြောင်းရန် စတင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးအဆောင်သို့ ပြုတ်ကျလာသည့် ထိုအကျဉ်းသား၏ အသက်အန္တရာယ်အတွက် ဆေးရုံ အချိန်မီတင်ရန် တောင်းဆိုရာမှ ထောင်အာဏာပိုင်များနှင့် ကျိုက်မရောထောင်မှ အမျိုးသမီးအကျဉ်းသူများကြား အချေအတင်စကားများခဲ့သော်လည်း ပြဿနာမှာ ခပ်မြန်မြန်ပြီးဆုံးသွားခဲ့သည်။

ထို့နောက် ဇွန် ၁၅ နံနက် ၂ နာရီတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အကျဉ်းဦးစီး၊ ရဲတပ်ဖွဲနှင့် စစ်သားများသည် ကျိုက်မရောထောင်ရှိ နိုင်ကျဉ်းအဆောင်များသို့ အမည်စာရင်းနှင့်တကွ ရောက်ရှိလာ​ပြီး ၂ ယောက်တစ်တွဲ သံခြေချင်းခတ်ကာ ဒိုက်ဦးနှင့် သာယာဝတီထောင်များသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ကျိုက်မရောအကျဉ်းထောင်မှ ပြောင်းရွှေ့ခံရသူ နိုင်ငံရေးအကျဉ်းသူများတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်နုနုအောင်နှင့် ဒေါ်ခက်ခက်လွင်တို့ ၂ ဦးကို ဒိုက်ဦးအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု PPNM ထံမှ သိရသည်။

ထို့ပြင် ကျိုက်မရောထောင်မှ ဒိုက်ဦးထောင်သို့ အဓမ္မထောင်ပြောင်းရွှေ့ခြင်းခံရသူ နိုင်ကျဉ်း ၄၀ ကျော်ကို ဆဲဆိုရိုက်နှက်နေသည်ဟု ဇွန် ၁၇ က PPNM က ထုတ်ပြန်ထားသည်။

အမျိုးသမီးနိုင်ကျဉ်းများကို ညစ်ညမ်းစွာဆဲဆိုပြီး သေနတ် ၄ ချက်ပစ်ခတ်ခဲ့သည်၊ ကျဉ်စက်များ၊ ရာဘာတုတ်များ၊ သစ်သားတုတ်များဖြင့် ဝိုင်းရိုက်ပြီး လေးခွဖြင့် ပစ်သည်ဟု PPNM ထုတ်ပြန်ချက်က ဆိုသည်။

မန္တလေး အိုဘိုထောင်တွင်လည်း ဇွန် ၁၅ နံနက် ၂ နာရီခန့်တွင် နိုင်ကျဉ်း ၇၃ ဦးနှင့် မူးယစ် ၃ ဦးကို မကွေးနှင့် မြင်းခြံထောင်များသို့ ထောင်ပြောင်းရွှေ့လိုက်သည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့သည်ကို တိတိကျကျ မသိရသေးပေ။

မန္တလေး အိုဘိုနှင့် မွန်ပြည်နယ် ကျိုက်မရောထောင်တို့တွင်သာ ထောင်ပြောင်းရွှေ့နေခြင်း မဟုတ်ဘဲ အခြားထောင်များတွင်လည်း ထောင်ပြောင်းရွှေ့ရန် စီစဉ်နေသည်၊ သာယာဝတီထောင်ပိုင် ရဲရင့်နိုင်ကိုလည်း မန္တလေးထောင်သို့ ပြောင်းရွှေ့မည့် သတင်းထွက်နေသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“လက်ရှိကတော့ ဗဟိုထောင်တွေကို လူလျှော့ဖို့ပဲ ကြားနေရတယ်။ သူတို့ဘက်က ထောင်ပြောင်းဖို့ မလုပ်သရွေ့က ပြောရတာ ခက်တယ်။ အထက်ပိုင်းကလူတွေ အောက်ကိုပြောင်း၊ အောက်ကလူတွေ အထက်ကိုပြောင်းနဲ့တော့ သူတို့ လှည့်ပြောင်းနေတာကိုတော့ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထောင်တွင်းက ပန်းသပိတ် လှုပ်ရှားမှု

ဇွန် ၁၉ တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် မြန်မာတစ်နိုင်ငံလုံးတွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်စူးပြီးပြုလုပ်သည့် “ပန်းသပိတ်လှုပ်ရှားမှု” ကို အကျဉ်းထောင်အသီးသီးတွင်လည်း ဆင်နွှဲလေ့ရှိသည်ဟု လွတ်မြောက်လာသူများထံမှ သိရသည်။

“ပန်းသပိတ်လှုပ်ရှားမှု” ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်မီ ယခုလိုကာလများမှာ အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးအဆောင်များတွင် ပန်းသပိတ်အတွက် ပြင်ဆင်နေကြပြီး ထောင်အာဏာပိုင်များကလည်း နည်းမျိုးစုံဖြင့် တားဆီးပိတ်ပင်နေသည်ဟု အင်းစိန်ထောင်မှ မကြာမီက လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက ပြန်ပြောပြသည်။

“အဲ့ဒီရက်မရောက်ခင်တစ်ရက်အလိုမှာ criminal prisoners (ပြစ်မှုနဲ့ ထောင်ကျသူများ) တွေကို မြက်နုတ်ခိုင်းတယ်ဆိုပြီး ပန်းပင်တွေအကုန်နုတ်ခိုင်းတယ် ဦးစီး (မိန်းမ) ကိုယ်တိုင်ပါ ပန်းတွေကို ကတ်ကြေးနဲ့ လိုက်ညှပ်လေ့ရှိတယ်” ဟု ၎င်းက ပြန်ပြောပြသည်။

ထိုလှုပ်ရှားမှုမတိုင်မီတွင် ထောင်အာဏာပိုင်များက ထောင်ပြောင်းသတင်းများလွှင့်ပြီး စိတ်ထိခိုက်အောင် ပြုလုပ်သလို အမျိုးသားဆောင်တွင်မူ ဦးဆောင်မည့်သူများကို ကြိုတင်တိုက်ပိတ်ထားလိုက်သည်ဟု သူက ဆက်ပြောပြာသည်။

“အပြင်မှာလုပ်တာ ကြိုသိရတယ်။ ကြိုပြင်ကြတယ်။ အချို့ကလည်း ပန်းကို ပန်းအစစ်မသုံးပဲ ချည်ထိုးကြတယ်၊ စက္ကူခေါက်ကြတယ်၊ အပြင်နဲ့က ရုံးထွက်အမြဲအချိတ်အဆက်ရှိတယ်” ဟု သူက ပြောသည်။

သို့သော်လည်း နိုင်ကျဉ်းများကလည်း “ပန်းသပိတ်” လှုပ်ရှားမှု အောင်မြင်စေရန် နည်းမျိုးစုံသုံးပြီး ကြိုးစားလေ့ရှိသည်၊ ယခုကဲ့သို့ အာဏာပိုင်များက ထောင်အပြောင်းအရွှေ့များပြုလုပ်ပြီး လှုပ်ရှားမှုကို ကန့်သတ်ရန် ကြိုးစားနေသော်လည်း လှုပ်ရှားမှု အောင်မြင်မည်ကို ယုံကြည်သည်ဟု သူက ဆက်ပြောသည်။

“အထဲကသူတွေက အပြင်က တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေ ပြည်သူလူထုတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာ အမြဲရပ်တည်ပြချင်တာပါ။ သူတို့ ခန္ဓာကိုယ်ကို အကျဉ်းချထားပေမဲ့ လုပ်လို့ရတဲ့ အခြေအနေလုပ်ရပ်တွေနဲ့ တိုက်ပွဲဆက်ဝင်မှာပါလို့ ယုံကြည်ပါတယ်” ဟု သူ​က ပြောသည်။

မန္တလေး အိုဘိုထောင်

မန္တလေး အိုဘိုထောင်တွင်လည်း ဇွန် ၁၅ နံနက် ၂ နာရီခန့်တွင် နိုင်/ကျဉ်း ၇၃ ဦးနှင့် မူးယစ် ၃ ဦးကို မကွေးနှင့် မြင်းခြံ ထောင်များသို့ ထောင်ပြောင်းရွှေ့လိုက်သည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့သည်ကို တိတိကျကျ မသိရသေးပေ။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ရှိ နိုင်ကျဉ်းများထားရှိရာ အဆောင်များသို့ ဇွန် ၁၅ နံနက် ၂ နာရီခန့်တွင် အကျဉ်းဦးစီးဝန်ထမ်း၊ စစ်သားနှင့် ရဲများ ရောက်ရှိလာသည်၊ အိမ်စီးကား အချုပ်ကားများဖြင့် ခေါ်ထုတ်သွားသည်ဟု အိုးဘိုထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“နိုင်ကျဉ်းတွေကို နာမည်စာရင်းနဲ့တကွ ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်သွားတယ်။ ဒီရက်ပိုင်းလည်း ထောင်မှာ အိမ်စီးကားတွေအဝင်အထွက် ခြေရှုပ်နေတယ်” ဟု ထိုအမျိုးသားက ပြောသည်။

အိုးဘိုထောင်တွင် နိုင်ငံရေးမှုဖြင့် ထောင်နှစ်ရှည်ကျခံထားရသူတစ်ဦး၏ ဇနီးဖြစ်သူက ထောင်ပြောင်းရွှေ့သည်ဆိုသည့်သတင်းအတွက် စိုးရိမ်ပူပန်နေရသည်ဟုပြောသည်။

“လကုန်မှ ထောင်ဝင်စာသွားပေးဖို့ လုပ်ထားတာ။ သူပါမပါ မသိရသေးဘူး။ စိုးရိမ်နေရတယ်။ ထောင်ပြောင်းတယ်ဆိုတာသေချာရင် တော်သေးတယ်။ စစ်မှုထမ်းဖို့ ခေါ်ထုတ်သွားတာမျိုးမဖြစ်ဖို့ပဲ ဆုတောင်းနေရတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေး၊ အိုးဘိုထောင်တွင် အဆောင် ၁ မှ အဆောင် ၆ အထိရှိပြီး မိန်းကလေးအဆောင်၊ အလုပ်ရုံ၊ ဆေးရုံနှင့် တိုက် ၁၊ တိုက် ၂ စသည်ဖြင့် အဆောက်အအုံ ၁၀ ခုကျော်ရှိသည်။

အကျဉ်းသားဦးရေ ၄၀၀၀ ခန့်သာ ဆံ့သည့် အိုးဘိုထောင်တွင် အကျဉ်းသားဦးရေ ၉၀၀၀ ကျော်ရှိနေပြီး ဝန်ထမ်းဦးရေမှာမူ ၄၀၀ ဝန်းကျင်သာရှိသဖြင့် ဝန်ထမ်းအသစ်များထပ်တိုးခန့်နေသည်ဟု ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *