ပခုက္ကူက ရေလာလေးပျူစခန်းကို ဝေဟင်/မြေပြင်ကနေ ဝင်စီး၊ စစ်သားနဲ့ ပျူ ၅ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝေဟင်/မြေပြင်တို့ကနေ တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူ ငါးဦးသေဆုံးတဲ့အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Pakokku People Force(PPDF)ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူအဖွဲ့ဝင် စုစုပေါင်း အင်အား ၇၀ မှ ၁၀ဝ ကြားဖြင့် အထိုင်ချတပ်စွဲထားတဲ့ အဆိုပါပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်ဝင်ကာ ဒရုန်းဗုံးသီးများကြဲချပြီးနောက် အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ PPDF တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီစခန်းကို ဒရုန်း ဗုံးသီး ဆယ်လုံးထက်မနည်း ကြဲချခဲ့တာလို့ ဆိုပါတယ်။

“စစ်ဆင်ရေးအတွက် အချိန်နည်းနည်းတော့ယူရတယ်ဗျ။ ပျူရွာဆိုတော့ အင်အားက များတယ်။ အလစ်ကိုဝင်ချရတာဗျ။ အပေါ်ကလည်းချ အနီးကပ်လည်းပစ်ရတာ” လို့ ၎င်းကပြောပါတယ်။

မိနစ် ၂၀ ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာမျိုးရှိခဲ့ပေမဲ့ လေယာဉ်ပစ်ကူတော့ မလာရောက်ခဲ့ဘူးလို့ ပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီး စုစုပေါင်း ငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို PPDF နဲ့အတူ မဟာမိတ်အဖွဲ့များဖြစ်တဲ့ P.D.F-Kamma တပ်ခွဲ(၁)၊ တပ်ခွဲ(၂) ၊ တပ်ခွဲ(၃)၊ မြိုင်ပကဖ တပ်ရင်း(၁)တပ်ခွဲ(၁)၊ PLC တပ်ပေါင်းစု အဖွဲ့ဝင်များ(Myaing Warriors၊ MRDF ၊ ဘီလုံးငှက်၊ Hero NewGz၊ လင်းယုန်ပြောက်ကျားတပ်ဖွဲ့)၊ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁) တပ်ခွဲ (၂)တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – Pakokku People Force(PPDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *