လုပ်ငန်းရှင်အချို့အား ထီလက်မှတ်များ သိန်းချီစျေးဖြင့် ခြိမ်းခြောက်ရောင်းချနေ

မန္တလေးတွင် စစ်ကောင်စီမှုခင်းအဖွဲ့က လုပ်ငန်းရှင်အချို့အား ထီလက်မှတ်များ သိန်းချီစျေးဖြင့် ခြိမ်းခြောက်ရောင်းချနေ

မန္တလေးမြို့တွင် စစ်ကောင်စီ၏ မှုခင်းအဖွဲ့ကဟုဆိုကာ စီးပွားရေးလုပ်ငန်းအချို့အား ထီလက်မှတ်များအား သိန်းချီသောစျေးဖြင့် ခြိမ်းခြောက်ရောင်းချငွေညှစ်နေကြောင်း ဒေသခံများက ပြောသည်။

မန္တ​လေးမြို့တွင်းနှင့် မြို့သစ်ပိုင်း ရပ်ကွက်များအတွင်းရှိ ကုမ္ပဏီများ၊ အရောင်းဆိုင်များနှင့် လုပ်ငန်းငယ်များအား ယခုဇွန်လအတွင်း လူဆယ်ဂဏန်းခန့်ပါသော အဖွဲ့က ရောက်ရှိလာပြီး စစ်ကောင်စီ၏ မှုခင်းအဖွဲ့ကဟုဆိုကာ ထီလက်မှတ်များအား သိန်းချီစျေးဖြင့် ခြိမ်းခြောက် ရောင်းချသွားကြောင်း ကြုံတွေ့ခဲ့သူများက ပြောသည်။

“တစ်ဖွဲ့ကြီးရောက်လာတာ။ ထီလက်မှတ် ဆယ်စောင်ပါတာကို ၃သိန်းနဲ့ ဝယ်ရမယ်တဲ့။ မတက်နိုင်လို့ပါပြောတာလည်းမရဘူး။ ဝယ်လိုက်ရတယ်။”ဟု မဟာအောင်မြေမြို့နယ်နေ အသေးစားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကိုင်ဆောင်ထားသော အမျိုးသားဆယ်ဂဏန်းဝန်းကျင်ပါ မှုခင်းအဖွဲ့က လိုက်လံရောင်းချနေခြင်းဟု လုပ်ငန်းရှင်အချို့က ပြောပြသည်။

ထို့အပြင် နေရာအငှားဖြင့် လာ​ဖွင့်သည့်လုပ်ငန်းများကိုလည်း ရပ်ကွက်တာဝန်ရှိသူများဟုဆိုကာ လူအင်အားအများအပြားဖြင့် ရောက်လာပြီး လိမ်လည်အလှူခံမှုများလည်း ဖြစ်ပွားနေကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဖောက်ထွင်းခိုးယူမှု၊ ဓါးပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် မြို့လယ် မန္တလေးတက္ကသိုလ်အနီးရှိ ဖုန်းဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင် ဓါးပြတိုက်ခံခဲ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *