စစ်ကောင်စီနှင့် နေပြည်တော်၌ တွေ့ဆုံခြင်းမရှိဟု TNLA ပြော

အာဏာသိမ်းစစ်ကောင်စီနှင့် တအာင်းတပ်မတော် (TNLA)တို့ နေပြည်တော်၌ တွေ့ဆုံ သည်ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း TNLA ခေါင်းဆောင်တစ်ဦးက ပြောသည်။

TNLA ခေါင်းဆောင်များနေပြည်တော်သို့ သွားရောက် ၍ စစ်ကောင်စီနှင့် လျှို့ဝှက်စွာ တွေ့ဆုံနေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းအပေါ် TNLA ခေါင်းဆောင်တစ်ဦးအား မေးမြန်းရာ ” မရှိပါ”ဟု ဇွန်လ ၁၇ရက် ညနေတွင် ဖြေကြားသည်။

အဆိုပါ သတင်းထွက်ပေါ်မှုနှင့်ပတ်သက်ပြီး သဘောထား မှတ်ချက်မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

TNLAသည် ၎င်း၏ ညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်သည် စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၈၀ ကျော် နှင့် မြို့ ခုနစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် တရုတ်၏ကြားဝင်မှုဖြင့် ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်တွင် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့အကြား အပစ်ရပ်စဲခဲ့သည်။

ထိုသို့ အပစ်ရပ်ပြီးနောက် စစ်ကောင်စီဘက်က အပစ်ရပ်စာချုပ်ကို ချိုးဖောက်သည့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဇွန်လ ၉ရက် နေ့လယ်ပိုင်းက မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းကျေးရွာအကြားရှိ TNLA တပ်စခန်းကို စစ်ကော်စီက ပေါင် ၅၀၀ဗုံးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ TNLA ရဲဘော်အချို့ထိခိုက်ခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၊ မှတ်တမ်းတင်ထားကြောင်း TNLAသတင်းပြန်ကြားရေးဌာနတာဝန်ခံလွေးယေဦးက ယခင်က ပြောကြားထားသည်။

(ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး PSLF/TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၆၅)မှ သင်တန်းသူ၊ သင်တန်းသားများအား မေလ ၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *