စစ်ကောင်စီမူ၀ါဒကြောင့် လူငယ်အများအပြား အလုပ်လက်မဲ့ဖြစ်

အသက်၂၃ နှစ်မှ ၃၁ နှစ်ကြား အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီးနောက် လူငယ်အများအပြားအလုပ်လက်မဲ့ဖြစ်ကြရပြီး ပြည်ပအလုပ်ခေါ်စာများလည်း ရပ်ဆိုင်းသွားပြီဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကပြောသည်။

စစ်ကောင်စီ၏အလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မေလ ၁ရက်နေ့မှ စတင်၍ အမျိုးသားများအလုပ်ခေါ်စာတင်ခြင်းကို ယာယီရပ်ဆိုင်းမည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအားပြောကြားခဲ့ပြီးနောက်ပိုင်း ယင်းအခြေအနေရင်ဆိုင်နေရခြင်းဟု သိရသည်။

တရားဝင်ကြေညာခြင်းမရှိသော်လည်း ပြည်ပထွက် အလုပ်လုပ်မည့်အမျိုးသားများအနက် အသက် ၂၃ နှစ်အောက်နှင့် ၃၂ နှစ်အထက်များကိုသာ ခွင့်ပြုမည်ဟု အလုပ်ခေါ်စာတင်သည့် အေဂျင်စီများကို email ဖြင့် စစ်ကောင်စီက အကြောင်းပြန်ထားကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ထံမှ သိရသည်။

” Demand တင်လည်းမရတဲ့အတွက် အေဂျင်စီတွေကလည်း လုပ်မနေတော့ဘူး။ ခေါ်မနေတော့ဘူးဖြစ်ကုန်တာပေါ့ ။နိုင်ငံပေါင်းစုံက အေဂျင်စီအကုန်ဖြစ်နေကြတာပေါ့”ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အလုပ်ခေါ်စာများတင်ခွင့်မရခြင်း၊ အချိန်ကြန့်ကြာခြင်းများဖြစ်ပေါ်နေသည့်အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ မေလလယ်ခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစုံစမ်းသည့်အခါ စစ်ကောင်စီက သတ်မှတ်သည့် အသက်အရွယ်ကန့်သတ်ချက်ကြောင့်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း ပြည်ပအလုပ်အကိုင်ရှာ‌ဖွေရေးအေဂျင်စီတခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ Demand တင်တာကို အဲ့အသက်အရွယ်ဆိုရင် လက်မခံဘူး ။ အကယ်၍ လက်ခံခဲ့ရင်လည်း စမတ်ကတ်လုပ်တဲ့အခါစိစစ်ဆိုပြီး အဲ့အသက်အရွယ်တွေကို ဖြုတ်ချခဲ့မှာဆိုပြီး ပြောတယ် ”ဟုဇွန် ၁၄ရက်နေ့က မေးမြန်းမှုကို ၎င်းက ဖြေကြားသည်။

ဂျပန်နိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုမှလည်း အလုပ်ဝင်အင်တာဗျူးအောင်မြင်သူ၏ ကိုယ်ရေးအချက်အလက်နှင့်အတူပြည်ပကုမ္ပဏီ၏ အလုပ်အကိုင်ခေါ်ယူစာ (Demand Letter )ကို ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုကုမ္ပဏီက အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရာတွင် အသက်၂၃ မှ ၃၁ နှစ်ကြားအမျိုးသားများဖြစ်ပါက အကြောင်းအမျိုးမျိုးပြ၍ ပြန်လည်ပယ်ချမှုများကြုံနေရသည်ဟု ဆိုသည်။

ထို့အပြင် လတ်တလောလူမှုကွန်ရက်စာမျက်နှာများတွင်လည်း အသက်၂၃ နှစ်မှ ၃၁ နှစ်ကြား အမျိုးသားများသည် အလုပ်အင်တာဗျူးများအောင်မြင်ထားပြီးမှ အသက်ကြောင့် ပြန်လည်ပယ်ချခံရခြင်းများကြုံနေရကြောင်းနှင့် အလုပ်လျှောက်ထားရာတွင်လည်း ငြင်းပယ်ခံရခြင်းများကြုံနေရကြောင်းပြောဆိုနေကြသည်။

“ အင်တာဗျုးအောင်ထားတာ လေးလလောက်ရှိပြီ ။ ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ Demand တင်တာ မရလို့ဆိုပြီး ပယ်ချလိုက်ကြောင်း ပြောပါတယ် ။ Demand တင်တာ ကျွန်တော်အသက်ကြောင့် လက်မခံလို့ပါလို့ပြောတယ် ။ ကျွန်တော်ဘာဆက်လုပ်ရမလဲကို မသိတော့ဘူး”ဟု ပြည်ပထွက်အလုပ်လုပ်ရန် ပြင်ဆင်နေသည့် အသက်၂၅နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီ ဆိုင်းငံ့ထားခြင်းမှာ အချိန်ယူစိစစ်နိုင်ရန်နှင့် အခြား အခြေအနေများကြောင့်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မေလဆန်းတွင် ထုတ်ဖော်ပြောကြားထားသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီး နောက် သတ်မှတ်အသက်အရွယ်ကန့်သတ်ချက်တွင် အကျုံးဝင်နေသည့် အမျိုးသားများအနေဖြင့် ပြည်ပကို အများအပြားထွက်ခွာနေကြသည့်အတွက် ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့အစည်းများက သုံးသပ်ထားကြသည်။

ထိုသို့ ပိတ်ပင်မှုသည် တရားမဝင်လမ်းကြောင်းမှ ပြည်ပထွက်ခွာသူ ပိုမိုများပြားစေမည်ဖြစ်ပြီး အလုပ်သမားဈေးကွက်ကိုလည်း ထိခိုက်စေ ကြောင်း အလုပ်သမားအဖွဲ့အစည်းများနှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ပြောဆို ထားကြသည်။

ထို့အပြင် အလုပ်အကိုင်ရှာဖွေနေ သည့် လူငယ်များအတွက်လည်း ကြီးမားသည့် အခက်အခဲများ ကြုံတွေ့စေသည်ဟု လူငယ်အချို့က ပြောသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ၎င်းတို့အတွက် သာမက အခြားနိုင်ငံများမှအစိုးရများ၊ လုပ်ငန်းရှင်များနှင့် ပြည်ပထွက်ခွာလိုသူလူငယ်များ အားလုံး အတွက် အကျိုးမရှိသည့်လုပ်ရပ်သာဖြစ်ပြီး တရားမဝင်လမ်းကြောင်းမှ လူကုန်ကူးပေးနေသူပွဲစားများ သာ အကျိုးဖြစ်ထွန်းစေသည်ဟု ထိုင်းရောက်မြန်မာ လုပ်သားများအရေးဆောင်ရွက်ပေးနေသည့် လက်တွဲကူညီ AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးကပြောကြားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *