စစ်သား၊ ပျူစောထီးများ ကို ဒရုန်းဖြင့် ဗုံးကျဲမှု ၅ ဦး ဒဏ်ရာရ၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ

မြင်းခြံမြို့နယ်၊ ဆုံရွာနှ့င် ကတောရွာရှိ စစ်သား၊ ပျူစောထီးများ ကို ဒရုန်းဖြင့် ဗုံးကျဲမှု ၅ ဦး ဒဏ်ရာရ၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာနှင့် ကတောရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြင်းခြံမြို့နယ်၊ ဆီမီးခုံမြိုအရှေ့ဘက်ရှိ ပျုစောထီးများကြီးစိုးသော ဆုံရွာအနီးရှိ ဇရပ်တစ်ခုပေါ်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေ၊ မသေတော့ မသိရသေးပါဘူး၊ ဆက်လက် စုံစမ်းနေတုန်းပါ၊ ကတောရွာမှာ ဒရုန်းချတာက တော့ ၃ ဦးဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့် မြင်းခြံမြို့နယ်၊ ကတော‌ရွာရှိ တိုက်အိမ်တစ်လုံး ပေါ် နှင့် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ နှင့် Aung San’s Blood Civilian Defense Force – ABCDF မဟာမိတ်ညီနောင်နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေရဲစခန်းကို ရဲများကင်းပတ်အပြန် ဒရုန်းများဖြင့် ဗုံး ၇ လုံးကျဲချ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း၊ ရဲနှင့် စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို Royal Falcon Guerrilla Force ၊ Phoenix -Sagaing၊ Unicorn Guerrilla Force၊ ကြောင်လက်သည်း(ဝက်လက်)၊စစ်ကိုင်းမြို့နယ်(ပကဖ)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းတို့က ပူးတွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *