စုကလိစစ်ကောင်စီတပ်စခန်းကို KNLAပူးပေါင်းတပ် သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စုကလိစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၇ရက် ည ၈နာရီခန့်တွင် စုကလိစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဆုတ်တဲ့နောက်ကိုတော့ သူတို့လိုက်ပိတ်နေတယ်ကြားတယ်။ အထိအခိုက်အကျအဆုံးက မသိရသေးဘူး”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့သော် ယနေ့(ဇွန်လ ၁၈ရက်) နံနက်တွင် အပြီးသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဟု အခြားကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က အဆိုပါစခန်းအား ဇွန်လ ၁၆ရက်နှင့် ဇွန်လ ၁၇ရက် နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စုကလိစခန်းမှ တပ်ရင်းမှူးနှင့် စစ်ကောင်စီ တပ်သားများ လက်နက်ချပူးပေါင်းရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNDO)က ပြီးခဲ့သည့် မတ်လအတွင်းက အကြောင်းကြားစာ ပေးပို့ခဲ့သည်။

KNLA တပ်ရင်း (၁၀၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောသေဂေးနှင့် KNDO တပ်ရင်း(၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးတို့ လက်မှတ်ရေးထိုးထားသည့် အဆိုပါ အသိပေးစာတွင် စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက်တိုက်ခိုက်ခြင်း မပြုမီ လက်နက်ချလာရောက်ပူးပေါင်းရန်၊ ၎င်းတို့နှင့်လာရောက်ပူးပေါင်းပါက အသက်အန္တရာယ်များကို အာမခံပေးနိုင်သလို ပူးပေါင်းခြင်းမလုပ်ဆောင်ပါက စခန်းကိုရရှိအောင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – ရိုက်တာ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *