မတ္တရာနယ် အနောက်ခြမ်းက ရွာတွေမှာ စစ်အုပ်စု အင်အားတိုးချ၊ နယ်မြေချဲ့ထွင် တပ်စွဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီ မြစ်ရိုးက ကျေးရွာတွေမှာ စစ်အုပ်စုက အင်အား တိုးမြင့် ချထားသလို နယ်မြေတိုးချဲ့ တပ်စွဲနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

လက်ရှိမှာ မတ္တရာနယ် အနောက်ခြမ်းက ငယ်တိုး၊ သဖန်းထောင့်၊ ဆူးလေကုန်း၊ ရွှေဘောင်၊ ဟင်္သာရွာသစ် စတဲ့ ရွာတွေ အပါအဝင် နေရာ ခြောက်နေရာ ထက်မနည်းမှာ စစ်အုပ်စုက စီးနင်းအထိုင်ချ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

“မတ္တရာ အနောက်ခြမ်းမှာ PDF တပ်တွေ ရှိတယ်လို့ သူတို့ သတင်းရလို့ နေမှာပေါ့။ အဲဒီဘက်ကို နယ်မြေ စိုးမိုးနိုင်အောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်”လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အထက်ပါ မတ္တရာနယ် အနောက်ခြမ်းက စစ်အုပ်စု စီးနင်းအထိုင်ချ တပ်စွဲထားတဲ့ ကျေးရွာတွေထဲက ဟင်္သာရွာသစ်ဟာ ယခု ဇွန်လ ဒုတိယပတ်မှာမှ စစ်အုပ်စု စတင် စီးနင်းတပ်စွဲတာ ဖြစ်ပြီး အဲ့ဒီ ဟင်္သာရွာသစ်မှာ တပ်စွဲဖို့ စစ်အုပ်စု အင်အား(၆၀)လောက်ကို ရဟာတ်ယာဥ်နဲ့ လူလာချပြီး တပ်စွဲနေတာလို့ ဆိုတယ်။

“ဟင်္သာရွာသစ်က အဲဒီကြားမှာ ရွှေဘိုးကြီးနဲ့ ထန်းခြောက်ပင်ဆိုတဲ့ ကပ်လျက် ရွာနှစ်ရွာခြားရင် ဟိုဘက် ကပ်လျက်မှာ ငယ်တိုးရွာ ရှိတယ်။ အဲဒီ ရွာတွေကတော့ စခတွေ ကြားထဲ ရောက်သွားတာပေါ့”လို့ မတ္တရာနယ် အနောက်ခြမ်းက ဒေသခံ ကိုတိုးကြီးက ပြောပါတယ်။

ဒါအပြင် အခုရက်ပိုင်း မတ္တရာနယ် အနောက်ခြမ်းကို စစ်အုပ်စု လေယာဥ်တွေ မကြာခဏ ဝဲနေလို့ ပြည်သူတွေ စိုးရိမ် နေရတယ်လို့ ဆိုပါတယ်။

တအာင်းတပ်မတော် – TNLA တပ်ဖွဲ့ဝင်တွေ မတ္တရာမြို့နယ်အတွင်း ဝင်ရောက်လာတယ် သတင်းရလို့ စစ်အုပ်စုက အဲဒီဘက်ကို နယ်မြေစိုးမိုးမှု ရရှိရေး ပျူနဲ့ စစ်အုပ်စုကို အင်အား ထပ်တိုး ချနေတာလို့ စစ်အုပ်စု ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေး၊ မေမြို့နဲ့ ကျောက်ဆည်မှာ ပြည်သူ့စစ် အမည်ခံ ပျူ သင်တန်းဆင်းပွဲတွေ လုပ်ခဲ့သလို မတ်လကစလို့ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းကာ ရက်တို သင်တန်းပေးပြီး အဲ့ဒီ သင်တန်းဆင်းစ ပျူနဲ့ စစ်သားသစ်တွေကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က တိုက်ပွဲဖြစ်ရာ နေရာတွေကို ပို့လွှတ်နေတာ ဖြစ်ပါတယ်။

မတ္တရာနယ် အနောက်ခြမ်းဟာ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေပြီး မတ္တရာနယ် အရှေ့ခြမ်းကတော့ ရှမ်းမြောက်ဒေသနဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် ကတည်းက စစ်အုပ်စုဟာ မတ္တရာနယ် အရှေ့ခြမ်းရော အနောက်ခြမ်းမှာပါ ကျေးရွာတွေထဲ စီးနင်းအထိုင်ချ တပ်စွဲပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေ/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *