သံတွဲမြို့ပေါ်ကို AA ဦးတည် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ သံတွဲ-ကင်းမော်လမ်းအား AA မဝင်ရောက်လာနိုင်အောင်ပိတ်ဆို့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်

သံတွဲမြို့ပေါ်ကို ဦးတည်ကာ အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် သံတွဲ-ကင်းမော်လမ်းအား စစ်ကောင်စီ အင်အားတိုး ချထားပြီး လမ်းကို ပိတ်ဆို့ထားကာ အနီးအနားရှိ ကျေးရွာတချို့ကိုလည်း ညအချိန်လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ဒေသခံ တစ်ဦးက “ ဆင်ခေါင်းဖက် ရေလမ်းကြောင်းက အေအေတက်လာမှာ သူတို့ (စစ်တပ်)က သိထားလို့ သံတွဲ- ကင်းမော်လမ်းကို ပိတ်ဆို့ စစ်ဆေးနေတာ။ ရေခပ်ဖို့တောင်သွားလို့မရဘူး။ အရမ်းစစ်တာ” ဟု ပြောသည်။

သံတွဲ -ကင်းမော်ကားလမ်းမှ တဆင့် ကျောက်ဆိပ်ကျေးရွာ၊ တောင်ညိုကျေးရွာအပြင် မြို့တောင် ကျေးရွာ အထိသွားလာနိုင်ပြီး ထိုမှတဆင့် ဆင်ခေါင်းကျေးရွာသို့ ရေလမ်းဖြင့်အနည်း ငယ်ဆက်သွားလျှင် ရောက်နိုင်သည်ဟု ဆိုသည်။

အဆိုပါလမ်းကြောင်းမှတဆင့် အာရက္ခတပ်တော်က ဝင်ရောက်လာနိုင်သောကြောင့် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးပိတ်ဆို့ ထားခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိ သံတွဲ-ကင်းမော်ကားလမ်းပေါ်ရှိ ခြံပြင်ကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ကင်းမော် ကျေးရွာတို့တွင် စစ်ကောင်စီဂိတ်များချထားကာ ပြည်သူများ အားစစ်ဆေးနေ ကြောင်းသိရသည်။

“ ကင်းမော် ဆိပ်ကမ်းက ဗိုလ်တဲမှာ စစ်ကောင်စီအင်အား ၁၀၀ လောက်ရှိတယ်. နောက် ကျောင်းတိုက်ရွာ စာသင်ကျောင်းမှာ တပ်ချပြီးစစ်နေတာ ဖုန်းတွေကို စစ်တယ်။ သံတွဲ- ကင်းမော် လမ်းကြောင်းဟာ အဆင်ပြေသလိုနဲ့ ကြားညှပ်နေပြီ ဒီရက်ပိုင်း စစ်တပ်က လှုပ်ရှားမှု အများဆုံးဖြစ်နေတယ်။ အေအေက ဒီလမ်းကြောင်းက ဖြတ်တက်ရင် မြို့နဲ့က ၅ မိုင်တောင် မရှိတော့ဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

သံတွဲ – ကင်းမော်လမ်းသည် ၅ မိုင်ခန့်သာရှည်လျားပြီး လမ်းနဘေးရှိ ကျေးရွာများသို့ အာရက္ခတပ်တော်မှ အချိန်မရွှေး ထိုးဖောက်တာလာနိုင်သော အခြေအနေရှိသဖြင့် တချို့ကျေးရွာများသို့ စစ်တပ်မှ စစ်ကြောင်း မထိုးဝံ့သည်မှာ ၂ လခန့်ရှိပြီး လက်နက်ကြီးများဖြင့်သာ အဝေးကနေ လှမ်းပစ်နေသည်ဟု ဒေသခံများကဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ညပိုင်း တွင် သံတွဲမြို့မြောက်ဘက် သံတွဲ-ကင်းမော်ကားအနီး တောင်ညိုကျေးရွာ ပတ်ဝန်းကျင်နှင့် ဆင်ခေါင်းကျေးရွာနှင့် ပွန်ခေါင်တောင် အနီး ကျောက်ဖြူကွင်းသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။

“မနေ့က ညဘက်ကစစ်တပ်က လက်နက်ကြီး ပစ်တယ်။ ဆင်ခေါင်းဖက် လည်း ကျတယ်။ နောက်ကျောက်ဖြူကွင်း ဘက်ကို ကျသွားတာ ၃လုံးလောက်ရှိမယ်။ တောင်ညို ဖက်လည်း ကျတယ်လေ”ဟု ပြောသည်။

သံတွဲမြို့နယ်၊ ငပလီကမ်းခြေမြို့ရှိ မြောက်ဘက်အစွန်ရှိ ဂေါ့ရပ်ကွက်၊ စပါးကြီးရပ်ကွက်နှင့် မှိုဟင်းပြင်ကျေးရွာတဝိုက်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာမှ ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ငြိမ်သက်နေကြောင်း ဒေသခံများထံမှသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *