ယာယီသမ္မတ မြင့်ဆွေ မေလဆန်းပိုင်းမှစတင်၍ ကျန်းမာရေးမကောင်းဖြစ်နေ

စစ်ကောင်စီ၏ ယာယီသမ္မတ မြင့်ဆွေ မေလဆန်းပိုင်းမှစတင်၍ ကျန်းမာရေးမကောင်းဖြစ်နေ

အကြမ်းဖက်စစ်ကောင်စီက ယာယီသမ္မတအဖြစ် တင်မြှောက်ထားသော မြင့်ဆွေမှာ မေလဆန်းပိုင်းမှစတင်၍ ကျန်းမာရေးမကောင်းဖြစ်နေပြီး ဆေးရုံတက် ဆေးကုသမှု ခံယူရမှုများရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့မှ သိရှိရသည်။

မေလဆန်းပိုင်းတွင် ယာယီသမ္မတမြင့်ဆွေသည် ဆီးချိုနှင့် နှလုံး ရောဂါအပါအဝင် သက်ကြီးပိုင်း ရောဂါတချို့ဖြင့် ကျန်းမာရေးချို့ယွင်းလာသ ဖြင့် ဆေးရုံတက်ကုသမှု ခံယူနေရကြောင်း၊ ယမန်နေ့တွင်မူ မြင့်ဆွေ သေဆုံးပြီဆိုသော သတင်းများ ပြန့်နှံ့လာခဲ့သော်လည်း အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ကျန်းမာရေးမကောင်းမွန်သည်မှာ မှန်ကန်သော်လည်း သေဆုံးမှုမရှိကြောင်း သိရှိရသည်။

“တရှောင်ရှောင်နဲ့ဖြစ်တာတော့ မေလဆန်းပိုင်းလောက်ကတည်းကပါ။ ဆီးချို သွေးတိုး လူကြီးရောဂါတွေ ရှိတယ်။ ရန်ကုန်မှာပဲ နားနားနေနေ ဆေးကုသမှု ခံယူတယ်လို့ သိရတယ်။ သေဆုံးတယ်ဆိုတာမဟုတ်ပါဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အသက် ၇၃ နှစ်ရှိနေပြီဖြစ်သောယာယီသမ္မတ မြင့်ဆွေ သည် သန်းရွှေလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ NLD အစိုးရလက်ထက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်က ရွေးကောက်တင်မြှောက်သော ဒုတိယသမ္မတဖြစ်လာခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် မြင့်ဆွေသည် မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *