မဟနဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ကားအား တံတားဦးလေဆိပ်မှ စစ်တပ်က လိုက်ပစ်၍ ဆရာတော်ကြီးပျံလွန်တော်မူ

မဟနဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ကားအား တံတားဦးလေဆိပ်မှ စစ်တပ်က လိုက်ပစ်၍ ဆရာတော်ကြီးပျံလွန်တော်မူ

မန္တလေးမြို့၌ ကျင်းပမည့် ရွှေကျင်သံဃာ့အစည်းအဝေးသွားတက်သည့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသောကားအား တံတားဦးလေဆိပ်မှစစ်တပ်က လိုက်လံပစ်ခတ်ရာ ဆရာတော်ကြီးပျံလွန်တော်မူပြီး အခြားဆရာတော်တစ်ပါးနှင့် ​ဒရိုင်ဘာတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၁၉ ရက်) နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ မန္တလေးတံတားဦးလေဆိပ်သို့ လေယာဉ်ဖြင့် ကြွလာပြီး မန္တလေးမြို့ထဲသို့သွားမည့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသော အိမ်စီးကားအား တံတားဦး လေဆိပ်မှ အထွက် လေဆိပ် လုံခြုံရေး စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လေဆိပ်နှင့် နီးစပ်သူများက ပြောသည်။

ထိုသို့ လိုက်လံပစ်ခတ်မှုကြောင့် ကားပေါ်ပါ သက်တော် ၇၇ နှစ်အရွယ် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ကားပေါ်တင်ပျံလွန်တော်မူသွားခဲ့ကြောင်း၊ ထို့အပြင် ကားပေါ်ပါ အခြားဆရာတော်တစ်ပါးနှင့် ဒရိုင်ဘာမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆရာတော်နှင့်နီးစပ်သူများက ပြောသည်။

“ဆွမ်းစားချိန်နီးလို့ ခပ်သွက်သွက်မောင်းတာမှာ လှည့်ကင်းကမသင်္ကာလို့ ရပ်ခိုင်းတာကို မမြင်ဘဲနဲ့ ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာပေါ့။ လာကြိုတဲ့ကားကလည်း ဘုန်းကြီးကားမဟုတ်ဘဲ အိမ်စီးကားဆိုတော့။”ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ် မြင်​တွေ့ခဲ့သူတစ်ဦးက လည်း”ဆရာဝောာ်က ရွာဘက်ကို လာတာ။ ကားမှန်မချလို့ဆိုပြီး စစ်ကားကပစ်တာ။ ကားပေါ်မှာတင် ပျံလွန်တော်မူတာပါ” ဟု ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ပြောသည်။

အခြားဆရာတော်နှင့် ဒရိုင်ဘာမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ဆရာတော်၏ ဒကာများက ပြောသည်။

“ဆရာတော်ကတော့မမှီလိုက်ဘူး။ ကားပေါ်မှာပဲ ပျံလွန်တော်မူသွားတယ်။ ကျန်တဲ့ဆရာတော်တစ်ပါးတော့ ဆေးရုံပို့တယ်။”ဟု ဆရာတော်နှင့်နီးစပ်သည့် အခြားဒကာတစ်ဦးက ပြောသည်။

ဆရာတော်၏ရုပ်ကလပ်အား ယ‌နေ့ညနေတွင် ပဲခူးမြို့သို့ ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ပရိယတ္တိကို မြတ်နိုး တန်ဖိုးထားပြီး တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးကို အားကျ၍ သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း စသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း၊ စာသင်သားများအတွက် ရှင်းတမ်း ကျမ်းပေါင်းများစွာ သာမကယမန်နှစ်ကပင် စာချတန်း ပါရာဇိကဏ်အတွက်ပါဌ်မှား ပါဌ်မှန် ပြုစု ပုံနှိပ်တော်မူခဲ့ကြောင်း ဆရာတော်၏တပည့်သာဝကများက မိန့်ကြားသည်။

“ဘဝ တသက်တာ သာသနာတော်မှာစာသင်တိုက်တည်ထောင်၊မနားမနေ စာပေ ပို့ချကျမ်းတွေ ပြုစုရင်း ထမ်းရွက်တော်မူခဲ့တယ်။”ဟု ဆရာတော်၏ တပည့်ရင်း သံဃာတော် တစ်ပါးက လူမှုကွန်ရက်တွင်ရေးသားသည်။

ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။

(စစ်​ကောင်စီတပ် စစ်သားများကလိုက်ပစ်၍ ​ပျံလွန်​တော်မူခဲ့​သောမဟနဆရာ​တော် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *