မောင်တောတိုက်ပွဲပြင်းထန်

( AAမှ နခခ ၅ အားတိုက်ခိုက်ပြီး ​ညောင်ချောင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေ)

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နှင့် ၂ မိုင်ကျော်အကွာရှိ အမှတ်(၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၅) အား အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်ပြီး နခခ (၅) တောင်ဖက်တွင် တည်ရှိသည့် ညောင်ချောင်း‌(မွတ်ဆလင်)ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား အာရက္ခတပ်တော်မှ ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲများမှာ တောက်လျှောက်ဖြစ်ပွားလျှက်ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

မောင်တောကညင်တန်းရပ်ကွက်မှဒေသခံမွတ်ဆလင်တစ်ဦးက ” မနေ့က ဇွန် ၁၈ ရက် မနက် ၁၁ နာရီ ကျော်ကစပြီး ညောင်ချောင်းကျေးရွာမှာ စစ်တပ်နဲ့ အေအေတိုက်ပွဲဖြစ်နေကြတယ်။ ဒီကနေ့ ညနေ အထိ ဆက်ဖြစ်နေကြဆဲပါ။ အေအေဖက်က ရှော့တိုက်ဒုံးနဲ့ နခခ(၅)ကိုပစ်တယ်။ နခခ(၅)က လက်နက်ကြီးနဲ့ပစ်တယ်။ အေအေဖက်ကဒရုန်းတွေနဲ့ ဗုံးချသံတွေကြားနေရတယ်။ လက်နက်ငယ်သံ၊ စက်သေနတ်သံတွေဆူညံစွာကြားနေရတယ်။ တိုက်ပွဲက‌ တော်တော်လေး ပြင်းထန်‌နေကြတယ်။ အခြေအနေက ဘယ်လိုတွေဖြစ်မလဲ့မသိတော့ဘူး “ဟု ပြောကြားသည်။

ဇွန် ၁၈ ရက် နံနက် စတင်ခဲ့သော တိုက်ပွဲသည် ဇွန်လ ၁၉ ရက် ညနေအထိ ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် နခခ(၅)တောင်ဖက်ရှိညောင်းချောင်း (မွတ်ဆလင်‌)ကျေးရွာနှင့် နခခ(၅)မြောက်ဖက်ရှိ ဇူလ(မွတ်ဆလင်) ကျေးရွာ၌လည်း အင်အားအများအပြားဖြင့် အထိုင်စခန်းချပြီး ကာကင်းစခန်း အဖြစ်နေရာချထားကာ အေအေ၏ ထိုးစစ်ကို ခုခံကာကွယ်နေကြောင်း သိရသည်။

ထိုကာကင်းများဖြစ်ကြသည့် ညောင်ချောင်း နှင့် ဇူလ(မွတ်ဆလင်ကျေးရွာ)တို့အား အေအေမှ ဝင်တိုက်သဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးလျှက်ရှိနေသည်ဟု ဒေသခံများထံမှသိရသည်။

“ အခု စစ်ကောင်စီက နခခ(၅)က ခံစစ်မပြုဘဲ့ တောင်ဖက်ညောင်ချောင်း၊ ပန်းတောပြင်နဲ့ မြောက်ဖက်မှာ ဟာဘီ နဲ့ ဇူလမှာ အထိုင်ချ ခံစစ်လုပ်ထားပြီ အဲဒီကနေ ခုခံ တိုက်ခိုက်နေပါတယ်။ အဲဒီကာကင်းတွေကို စတင်ပြီး အေအေက တိုက်ခိုက်နေပါတယ်။ လက်ရှိ နတ်မြစ်ဝ မှာ ရဟတ်ယာဉ် တင်ဆောင်နိုင်တဲ့ စစ်သင်္ဘောတစ်စီး ရောက်နေပါတယ်။ သူတို့ စစ်ရေးအရ လက်နက်ကြီးနဲ့ ဝင်တိုက်မလား၊ သူ့လူတွေကို ကယ်ထုတ်ဖို့လာတာလား မသိရသေးဘူး။ အခြေအနေက တော်တော်ဆိုးနေပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်းနှင့် မြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ ညောင်ချောင်း၊ဝေသာလီ၊ ဟာဘီ၊ ပန်းတောပြင် စသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဇွန် ၁၈ ရက်နေ့က မွတ်ဆလင်များ၏ နေ့ထူးနေ့မြတ် အိဒ်ပွဲတော်ကို အမြန်လုပ်ခဲ့ရသည်ဟု မောင်တော‌ဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးကကိုပြောသည်။

“ မနေ့ကဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်နေလို့ အိဒ်ပွဲတော်ကိုတောင် အမြန်ဆုံးလုပ်ပြီး အသက်ဘေးလွတ်အောင် ထွက်ပြေးကြရတယ်” ဟုပြောသည်။

စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူနှင့် တပ်ရင်းများမှ လက်နက်ကြီးကျည်များဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် ‌ဒေသခံထောင်ချီ ထွက်ပြေးနေကြရကြောင်း သိရသည်။

လက်ရှိမောင်တော၌ စစ်ကောင်စီလက်ကျန်စခန်းကြီးမှာ ၄ မိုင်အခြေစိုက် နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၂)၏ ကာကင်းများကို အေအေက သိမ်းပိုက်ထားပြီး လက်ရှိ နခခ (၂) စခန်းအချို့နှင့် မြို့သူကြီး အခြေစိုက် နခခ(၅)စခန်းကြီး ၂ ခုသာကျန်ရှိတော့သည်။

(ဓာတ်ပုံ- ပုံဟောင်းသာ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *