မြိုင်မှာ သား PDF ကို သိန်း(၁၀၀) ဆုကြေးထုတ်တဲ့ ပျူ ဒရုန်းထုခံရကာ သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမရွာ ပျူစခန်းကို မနေ့က ဒရုန်းနဲ့ဗုံးထုတိုက်ခိုက်ရာ ပျူတစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်လို့ မြိုင် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ချိန် ဗုံးထိမှန် သေဆုံးသူဟာ ပျူ ချစ်လွင် ဆိုသူ ဖြစ်ပြီး တွင်းမ ပျူစောထီးခေါင်ဆောင်ရဲ့ အကို ဖြစ်သလို PDF အဖွဲ့ထဲ ဝင်ရောက်သွားတဲ့ သားဖြစ်သူကို ကျပ် သိန်း(၁၀၀) ဆုကြေးထုတ်ပြီး အမွေပြတ်စွန့်လွတ်ကာ ဖမ်း၀ရမ်းထုတ်ထားသူ ဖြစ်တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ မြိုင် ပ.က.ဖ ရဲဘော်တစ်ဦးကပြောပါတယ်။

ဇွန်(၁၈)ရက် မနေ့က ‌တွင်းမကျေးရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ ပျူနဲ့မြိုင်မြို့နယ်‌ ပျူစောထီး‌စခန်းတွေကို ရိက္ခာပို့သွားမယ့် စစ်အုပ်စုကားတွေ ထားတဲ့ နေရာတွေကို အဓိကထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ အီနာဂါ အလုံး(၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ ကပြောပါတယ်။

အဲ့ဒီလို တိုက်ခိုက်ချိန် ပျူ ချစ်လွင် ဟာ တံမြတ်စည်း ထွက်လှည်းနေတဲ့ အချိန်ဖြစ်ပြီး အိနာဂါ တည့်တည့်ကျကာ ခြေထောက် ပြတ်ပြီး သွေးထွက်လွန်လို့ ဒီမနက် (၄)နာရီလောက်မှာ သေဆုံးသွားတာ ဖြစ်တယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ မြိုင် ပကဖ ရဲဘော်တစ်ဦးက ပြောပါတယ်။

“(ညနေ) (၄)နာရီထိုးလောက်က စပြီးချတာဗျ၊အလုံးရေ (၅၀)လောက်တော့ ချခဲ့တယ်၊ပျူစောထီး စခန်းထဲရယ်၊ ရိက္ခာကားတန်းရှိတဲ့နေရာရယ်၊ စစ်ကြောင်းမှာ ပါလာတဲ့ စစ်သားတွေ နေတဲ့ ဘုန်းကြီးကျောင်းရယ်ပေါ့ ၊ သူက ကံဆိုးချင်တော့ ‌အပြင်ထွက်ပြီး အမှိုက်လှည်းနေတဲ့ အချိန်မှာ မှန်ပြီး သွေးထွက်လွန်ပြီး သေတာလို့ သိရတယ်၊ နောက်တစ်ယောက်လည်း ဗုံးစထိပြီးမှန်တယ်လို့ သိရတယ်”

ပျူချစ်လွင်ဟာ ကျေးရွာအတွင်း ဆေးကုပေးသူဖြစ်ပြီး သူဒဏ်ရာရချိန်မှာ ကုသပေးသူမရှိလို့ သွေးထွက်လွန်ပြီး ဆုံးတာလို့ ဆိုပါတယ်။

“သူက အရင်ကတည်းက ရွာမှာဆေးကု‌တယ်။ ရမ်းကုပေါ့။ ခုပျူစောထီးစခန်းမှာ ဒဏ်ရာတဲ့ ပျူစောထီးတွေ စစ်သားတွေကို ဆေးကုပေးနေတာ၊ လက်နက်လည်း ကိုင်တယ်ပေါ့နော်၊ ခုသူ့ခြေထောက် ပြတ်သွားတော့ သူ့ကို ဆေးကုပေးမယ့်သူ မရှိတော့ သေတော့တာပေါ့ဗျာ”

ဗုံးထိမှန် ဒဏ်ရာရကြောင်း ည(၁၂)နာရီလောက်က ဆွေမျိုးတွေကို အကြောင်းကြားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“ မနေ့ည (၁၂)လောက်က အကို ဒဏ်ရာရထားတယ်‌လို့ လှမ်းပြောတယ်၊ မနက် (၄)နာရီလောက်ကျတော့ သေသွားပြီဆိုပြီး တစ်ခါ ဖုန်းဆက်ပြီးပြောတယ်၊ ရွာအနောက်ဘက်က သူ့အဖေ ယာခင်းထဲမှာ မြေမြုပ်မယ်ဆိုပြီး အလောင်းထပ်သွားပြီဆိုပြီး ‌ထပ်ပြောတယ်”

သေဆုံးသွားတဲ့ ပျူစောထီး ချစ်လွင်က ဆုကြေးငွေ ထုတ်ထားတဲ့ သားဖြစ်သူ PDF ရဲဘော်ဟာ စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

တွင်းမကျေးရွာဟာ မြိုင်မြို့နယ်တောင်ပိုင်းက စစ်အုပ်စုနဲ့ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးစခန်းတစ်ခုဖြစ်ပြီး ပျူတွေက လက်နက်အားကိုးနဲ့ လူသတ်၊ လုယတ်၊ ဓားပြတိုက် နေလို့ တွင်းမကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတာ နှစ်နှစ်ခန့်ရှိနေပြီလို့ ဆိုပါတယ်။

သေဆုံးသူ ပျူစောထီး ဦးချစ်လွင်ကို သမီးဖြစ်သူ ရဲနဲ့အတူ တွေ့ရစဉ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *