ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အမျိုးသမီးတစ်ဦး ကားအထပ်ထပ်ကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အမျိုးသမီးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို ရင်ခုန်သံရှင်ရေးလူမှုကူညီရေးအသင်းထံက သိရပါတယ်။

ယနေ့ ဇွန်လ ၁၉ရက် မနက် ၄ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၉/၃)မှာ အမျိုးသမီးတစ်ဦး ကားကြိတ်ခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီအမျိုးသမီးက မန္တလာမင်းခရီးသည်တင်ကားနဲ့ လိုက်လာတာ။ ကျန်းမာရေး အပေါ့အပါးသွားဖို့ ကားရပ်ပေးတဲ့အချိန် အပေါ့သွားပြီးအပြန်မှာ ကားကြိတ်ခံရတာ”လို့ အသင်းက ဆိုပါတယ်။

အဆိုပါအမျိုးသမီးသည် မန္တလာမင်းခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသူဖြစ်ကာ တဖက်ကားလမ်းသို့ အပေါ့အပါးသွားပြီး ပြန်လာစဉ်မှာ ကားအထပ်ထပ်ကြိတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“သူက ရန်ကုန်ဘက်အသွားလမ်းဘက်ကနေ မန္တလေးဘက်အသွားဘက်ကို ကူးပြီး အပေါ့သွားတာပါ။ တက်ကြိတ်တဲ့ကားတွေကတော့ ဘယ်ကားတွေလဲမသိဘူး၊ ၂ စီး ၃ စီးလောက်ရှိတယ် တက်ကြိတ်သွားကြတာ၊ အမျိုးသမီးလဲ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်”လို့ အသင်းက ထပ်မံပြောဆိုထားပါတယ်။

အဆိုပါအမျိုးသမီးသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ် သဲစားကျေးရွာနေ ဒေါ်သောင်းဆိုသူဖြစ်ပြီး ရန်ကုန်သို့ ဆေးကုသဖို့လာခြင်းဖြစ်ကာ ရုပ်အလောင်းကို အသင်းက အုတ်တွင်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *