ဝိုင်းမော် လမြန်ရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ယမန်နေ့ ဇွန်လ ၁၈ ရက်တွင်လမြန်ကျေးရွာ ဘုရားကျောင်းဝန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် ပြည်သူ့စစ်ကို KIA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

လမြန်ရွာအနီး နှစ်ဖက် စစ်ရေး တင်းမာနေဆဲဖြစ်ပြီး ကျေးရွာနေပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၀ ရက်ကလည်း လမြန်ရွာ ခရယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းပျက်စီးခဲ့ရသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို KIAက တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်း လေကြာင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *