အောင်​ဇေယျစစ်​ကြောင်း​ ရှေ့မတိုးတော့ဘဲ လက်နက်ကြီးဖြင့်သာ ပစ်​နေဟုဆို

စစ်သင်တန်း အမှတ်စဥ်(၁)မှစစ်သားသစ်များရှေ့တက်ခိုင်း၍ အ​ယောင်ပြစစ်​ကြောင်းလှုပ်ရှားမှုမျိုးသာပြုလုပ်

ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးရန် စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် ဇွန်လ ၃ရက်ညက တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇွန်လအတွင်း အင်အားအလုံးအရင်းဖြင့် ရှေ့တိုးရန်စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အင်အား ၂၀ကျော်ဖြင့် ဟန်ပြစစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများသာ ပြုလုပ်နေကြောင်း ၎င်းက ဆက်​ပြောသည်။

“နေ့တိုင်းတော့ လက်နက်ကြီးပစ်တာရှိတယ်။ အင်အားသုံးပြီးမလာတာ၊ လေယာဥ်တွေသာ မလာတော့တာ။ သူတို့ အဘတွေက ဖိအားပေးပြီး ပစ်ခိုင်းနေတာနေမယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် တင့်ကားနှင့် ယာဥ်အန္တယားများတိုက်ခိုက်ဖျက်ဆီးခံရပြီးနောက်ပိုင်းတွင်လည်း ပါရှိသော တင့်ကားများနှင့် ယာဥ်များအား နောက်တန်းတွင်သာထားရှိပြီး လူအင်အား အနည်းငယ်ဖြင့်သာ စစ်ကြောင်းထိုးရန် ရှေ့တိုး၊နောက်ဆုတ်အ​ယောင်ပြပြုလုပ်​တော​ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” သူတို့တင့်ကားတွေဖျက်ဆီးခံရမှာဆိုးလို့ ရှေ့ကိုမထားတော့ဘူး။ ကားတွေကို နောက်မှာပဲထားပြီး လူတွေကို အသေခံခိုင်းတာ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ သို့သော် စစ်ကြောင်းထိုးရန် အသုံးပြုသော စစ်သားများမှာလည်း စစ်မှုထမ်းဥပဒေ အပတ်စဥ်(၁)မှ စုဆောင်းခေါ်ယူထားသော လူငယ်များ အများဆုံးပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်သားများနှင့် ဖမ်းဆီးမိသော စစ်သားများလည်း ရှိနေပြီး အရေအတွက်ကိုမူ ပြောပြ၍ မရကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်မေလလယ်ပိုင်းကလည်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားလူငယ်နှစ်ဦးမှာ ပလပ်စတစ်အိတ်အဖြူကို အလံအဖြစ်ပြုလုပ်ပြီး စက်ဘီးဖြင့်လာရောက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်မှုပြုလုပ်ခဲ့သေးသည်။ ထို့အပြင် ကျားဖြူစစ်ကြောင်းထံလည်း အလင်းဝင်လာသော စစ်သား ငါးဦးခန့် ရှိနေသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ‌သေဆုံးမှု ၂၀၀ ကျော်အထိရှိနေပြီး အင်အား ၁,၀၀၀ခန့်ဖြင့် ချီတက်စစ်ကြောင်းထိုးလာသောသည် လက်ရှိတွင် တိုက်ခိုက်ရေးအဖြစ် အင်အား ၅၀၀ခန့်သာ ကျန်ရှိမည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား အမှတ်(၂) စစ်​ဒေသ(​​တောင်ပိုင်းတိုင်း) အမှတ်(၃)စစ်​ဒေသခွဲမှကွပ်ကဲပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

(ဇွန်လ ၃ရက်ကဖြစ်ပွားသည့်တိုက်ပွဲနေရာအားရှင်းလင်းရာ အောင်ဇေယျစစ်ကြောင်း​၏ ရုပ်အလောင်း ၉လောင်းတွေ့ရှိခဲ့ပြီး အဆိုပါ ရုပ်အလောင်းအချို့နှင့် မေလလယ်က အလံဖြူထောင်အလင်းဝင်လာသော စစ်သားနှစ်ဦး၏ စက်ဘီးအား တွေ့ရစဥ်။ ဓာတ်ပုံ – PS)


Comments

Leave a Reply

Your email address will not be published. Required fields are marked *