ရထားလမ်းကင်းစောင့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အနီးမှာ မီးရထားလမ်းကင်းစောင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေပစ်ခတ်ခံရပြီး ပြည်သူ့စစ်အမျိုးသား ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဇွန် ၁၉ ရက်နေ့လယ် ၁ နာရီခန့်မှာ ပိန်းဇလုပ်မြို့အနီး ရန်ကုန်- မန္တလေးမီးရထားလမ်း တံတားအမှတ် ၁၄၅ မှာ မြို့မ ၁ ရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုလတ်၊ နိုင်ရှင်း၊ ကျော်လင်းထက်နဲ့ ဇနီးဖြစ်သူ မမိသီတို့ ရှိနေစဥ် လက်နက်ကိုင်အဖွဲ့တခုက လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီဘက်မှာက မီးရထားလမ်းတွေ မကြာခဏမိုင်းခွဲခံရလို့ ပြည်သူစစ်တွေနဲ့ ဒေသခံတွေ အလှည့်ကျ ကင်းစောင့်ရတာရှိတယ်။ မနေ့က ပြည်သူ့စစ်တွေရှိနေချိန် ပစ်ခံရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ကိုနိုင်ရှင်းနဲ့ ကျော်လင်းထက်ရဲ့ဇနီး မမိသီတို့ သေဆုံးခဲ့ပြီး ကိုလတ်ဆိုသူကတော့ ဒဏ်ရာရရှိတာကြောင့် ပိန်းဇလုပ်ဆေးရုံကို ပို့ထားရကာ ကိုကျော်လင်းထက်ကတော့ လက်ရှိအချိန်ထိ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်မနက်ပိုင်းမှာလည်း ညောင်လေးပင်မြို့နယ်၊ သမကျေးရွာနဲ့ အေးရွာ ရွာချင်းဆက်လမ်းပေါ်မှာ ညောင်လေးပင်မြို့မရဲစခန်းက ရဲအုပ်အဆင့်ရှိသူအမျိုးသမီး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *