စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဈေးအနီး ကမ္ဘောဇဘဏ် (၁) ဟာ ဇွန်လ ၁၉ ရက် မနေ့ကညနေပိုင်းမှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာ လူလေးဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီးနောက် ဓားပြဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဘဏ်အနီး သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပေမဲ့ ဓားပြတိုက်ခံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“မနေ့က ၄ နာရီကျော်လောက် မြို့မဈေးနား ဘဏ်တွေနား သေနတ်ပစ်သံတွေ ဆူညံနေတာ ည ၉ နာရီထိပဲ။ ၈ နာရီလောက်ဆို အတွဲလိုက်ပစ်သံတွေ ကြားရတယ်။ လမ်းတွေလည်း ပိတ်ထားပြီး အစစ်အဆေးလုပ်နေတာ စစ်သားတွေက။ ဘယ်သူမှ မထွက်ရဲကြဘူး။ နောက်မှသိရတာ ကမ္ဘောဇဘဏ် (၁) ဓားပြတိုက်ခံရတာ”

စစ်ကောင်စီကတော့ ကမ္ဘောဇဘဏ် (၁) ကို ဓားပြဝင်တိုက်ခဲ့တဲ့ လူလေးဦးကို ဖမ်းဆီးဖို့ကြိုးစားတာမှာ တစ်ဦးကို အသေဖမ်းမိတယ်လို့ ထုတ်ပြန်ပါတယ်။ ကျပ်သိန်း သုံးထောင်ကျော် (ကျပ် ၃၀၃၁ သိန်း)၊ လက်လုပ်ပစ္စတိုတစ်လက် အပါအဝင် လက်နက်ခဲယမ်းတချို့နဲ့ ဆက်စပ်ပစ္စည်းတွေလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘဏ်ဓားပြတိုက်တဲ့အဖွဲ့ဟာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂)က ဆင်ရိုင်း (ခ) ခိုင်ဇော်လင်း ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး အသေဖမ်းဆီးရမိသူဟာ ကိုနောင် ဆိုသူဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရွှေဘိုအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှုမရှိသလို လုပ်ကြံပြောဆိုချက်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“အဲဒီနေရာတွေက စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ တော်လှန်ရေးသမားတွေ လှုပ်လို့မရအောင် ညှပ်ပိတ်နေတဲ့ နေရာ၊ သူတို့ (စစ်ကောင်စီ) စခန်းအထိုင်ချထားတဲ့ တကယ့်နေရာတွေကို ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ဘယ်လိုသွားလို့ရမှာလဲ။ ဓားပြတိုက်ဖို့နေနေသာသာ ဖြတ်သွားဖို့တောင် မလွယ်ဘူး”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်း အပါအဝင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ ဘဏ်နဲ့ ရွှေဆိုင်တွေ မကြာခဏဆို ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်နေပြီး အများစုကတော့ လက်ရှိအချိန်ထိ တရားခံ ဖမ်းမိခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ ကမ္ဘောဇဘဏ် (၁) ဓားပြတိုက်ခံရသည့် ဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် ပစ္စည်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။ (Myanmar Military Photo)

စစ်ကိုင်းမြို့က ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ၊ ဓားပြတိုက်သူ တစ်ဦးကို အသေဖမ်းမိပြီး ဓားပြတွေလက်ထဲက ငွေကျပ်သိန်း(၃၀၀၀)ကျော် ပြန်ရတယ်လို့ စစ်အုပ်စု ဆို

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်က ကမ္ဘောဇဘဏ် ဘဏ်ခွဲ(၁) မနေ့က ညနေပိုင်းက ဓားပြတိုက်ခံရပြီး ဓားပြတိုက်သူတွေထဲက တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ဇွန်(၁၉)ရက် မနေ့က ညနေ(၄)နာရီခွဲခန့်မှာ စစ်ကိုင်းမြို့က ကမ္ဘောဇဘဏ်ကို ဆိုင်ကယ် နှစ်စီးနဲ့လာတဲ့ အမျိုးသား လေးဦးက ဓါးပြတိုက်ခဲ့တာ ဖြစ်ပြီး ဘဏ်မှာရှိတဲ့ ငွေသား ကျပ်သိန်း(၃၀၀၀)ကျော်ကို ဓားပြတိုက်ယူနေချိန် စစ်အုပ်စုက ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ ဓားပြအဖွဲ့ထဲက တစ်ဦးကို အသေဖမ်းမိခဲ့တယ်လို့ ဆိုပြီး ဓားပြတိုက်ယူထားတဲ့ ငွေကျပ် သိန်း(၃၀၃၀)ကျော်၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ဓါးပြတိုက်ရာမှာ အသုံးပြုတဲ့ လက်လုပ်ပစ္စတို တစ်လက်၊ (၉မမ)ကျည် ကိုးတောင့်၊ ဗုံးသီးတစ်လုံးနဲ့ ဆိုင်ကယ် နှစ်စီးတို့ သိမ်းဆည်းရမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အသေ ဖမ်းဆီးရမိသူဟာ ကိုနောင် ဆိုသူ ဖြစ်ပြီး ကျန် ထွက်ပြေးတိမ်းရှောင်သူတွေကို ထပ်မံဖော်ထုတ်မယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ကိုနောင်ဟာ ပျူအဖွဲ့ဝင် ဟုတ်၊ မဟုတ် စစ်အုပ်စုက အသေးစိတ် ထုတ်ပြန်တာ မရှိသလို ဓားပြတွေလက်ထဲက ပြန်ရလိုက်တယ်ဆိုတဲ့ ငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း သကသေခံပစ္စည်းအဖြစ် သိမ်းယူလိုက်ပြီလား ဆိုတာ စစ်အုပ်စုက အသေးစိတ် မထုတ်ပြန်သေးပါဘူး။

အဲ့ဒီ စစ်ကိုင်းမြို့က ဘဏ်ဓားပြမှုဟာ PDF တွေကို နာမည်ဖျက်ဖို့ စစ်အုပ်စုရဲ့ လုပ်ဇာတ် ဖြစ်နိုင်တယ်လို့ စစ်ကိုင်းမြို့ခံ တစ်ဦးကပြောပါတယ်။

“စစ်တပ်ရဲ့ လုပ်ဇာတ်ပဲ ဖြစ်မှာပါ။ သူတို့ဟာ သူတို့ ဓားပြတိုက်၊ အဖမ်းပြပြီး ပီဒီအက်ဖ်ကို နာမည် ဖျက်နေတာ။ မြို့ထဲနဲ့ စစ်ကိုင်းတံတားပေါ်လည်း သူတို့ပဲ အကြောင်းအမျိုးမျိုးနဲ့ ငွေညှစ်နေတာ”

လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့တွင်း ပြည်သူတွေကို VPN အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေသလို စစ်ကိုင်းတံတားပေါ်မှာလည်း ခရီးသွားပြည်သူ မှန်သမျှကို တားဆီးစစ်ဆေးပြီး လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ပေါ်မှာတော့ စစ်အုပ်စု ကိုယ်တိုင် ရဲယူနီဖောင်းဝတ်ပြီး ဓားပြတိုက်တာ၊ လုယက်တာတွေ ကျူးလွန်ခဲ့ပါတယ်။

စစ်ကိုင်းမြို့ပေါ် ဘဏ်ဓားပြတိုက်သူတွေထဲက တစ်ဦးကို အသေဖမ်းမိပြီး ပစ္စည်းတွေ သိမ်းဆည်း ရရှိကြောင်း စစ်အုပ်စုက သတင်းဖြန့်ထားစဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *