ပခုက္ကူတွင် ဖမ်းဆီးခံထားရသည့် ပျူစောထီးနှစ်ဦး လက်နက်လုထွက်ပြေး၍ ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာစစ်ဆေးရေးဂိတ်မှ ပျူစောထီးနှစ်ဦး အရှင်ဖမ်း​ဆီးခံရပြီးနောက် စစ်ဆေးနေချိန် လက်နက်လု ထွက်ပြေး၍ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်က ပခုက္ကူမြို့နယ် တင်းဂါတ်ကျေးရွာ စစ်ကောင်စီ ဂိတ်စခန်းမှ ပျူစောထီးနှစ်ဦးအား ပခုက္ကူခရိုင်အခြေစိုက် Young Force UGအဖွဲ့က အရှင်ဖမ်းဆီးခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း၍ လိုအပ်သည်များ စစ်ဆေးမေးမြန်းနေစဉ် ရဲဘော်တစ်ဦးထံမှ လက်နက်လုကာ ခုခံထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Young Force UG အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“သူတို့ဆီက လက်နက်တော့ မရဘူး။ ကင်းချိန်းတဲ့အချိန် ဝင်ဖမ်းတာဆိုတော့ အလက်ကမရလိုက်ဘူး”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အဆိုပါ ပျူစောထီးနှစ်ဦးသည် ပြည်သူများအပေါ် လက်နက်ပြခြိမ်းခြောက်ငွေညှစ်လေ့ရှိကြောင်း Young Force UG အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းပါက လက်နက်အမျိုးအစားအလိုက် ထိုက်သင့်သည့် ဂုဏ်ပြုငွေများပေးအပ်ပြီး လက်ခံကြိုဆိုနေကြောင်း၊ စစ်ကောင်စီမှ ဖိအားပေးခြင်းမရှိဘဲ စစ်ကောင်စီအလိုကျ စားနပ်ရိက္ခာဝယ်ယူပေးခြင်း ၊ စစ်ကောင်စီကို သယ်ယူပို့ဆောင်ရေးလုပ်ပေးခြင်း ပြုလုပ်နေသူများကို စစ်တပ်ထောက်တိုင်အဖြစ် သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည်ဟု Young Force UG အဖွဲ့က သတိပေးထားသည်။

(ဖမ်းဆီးရမိသော ပျူစောထီး နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – Young Force UG)


Comments

Leave a Reply

Your email address will not be published. Required fields are marked *