ကန့်ဘလူမှာ ဝါသဝနဲ့ စစ်အုပ်စုက ကျေးရွာတွေကို ပိတ်ဆို့ပြီး ပြည်သူ(၁၀၀)နီးပါးကို ဖမ်းဆီးပေါ်တာဆွဲ

ပြည်သူတချို့ ပိတ်မိနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေကို ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝနဲ့ စစ်အုပ်စု ပူးပေါင်းအဖွဲ့က တစ်ရွာဝင် တစ်ရွာထွက် ပိတ်ဆို့ပြီး ပြည်သူတွေကို ဖမ်းဆီးနေတာ လူ(၁၀၀)နီးပါး အဖမ်းခံထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ယခု ဇွန်လ အစောပိုင်းက စတင်ပြီး ဝါသဝနဲ့ စစ်အုပ်စုက ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို ပိတ်ဆို့ကာ ပေါ်တာဆွဲ လူသစ်စုဆောင်းနေတာ ဖြစ်ပြီး အသက်ကြီးတာ၊ အသက်ငယ်တာ၊ အမျိုးသမီး၊ အမျိုးသား မခွဲခြားတော့ဘဲ အသက်(၆၀)အရွယ်တွေပါမကျန် ဖမ်းလို့ရသမျှကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ ကန့်ဘလူမြို့ရဲ့ တောင်ဘက်(၁၀)မိုင်ခန့်အကွာ ထန်းကုန်းတိုက်နယ်အတွင်း၊ မူးမြစ်ကမ်းဘေးမှာ ရှိတဲ့ ဇီးပင်သာ၊ ယော၊ လယ်လှ၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ အုန်းတော၊ အုတ်ဖို၊ မိုးကြိုး၊ ခေါ်သန္တီ၊ ထန်းတော၊ မင်းကုန်း စတဲ့ ရွာတွေက ဒေသခံတွေ ပေါ်တာဆွဲ၊ ဖမ်းဆီးခံနေရပြီး ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အနီးအနားက ရွာတွေ ရွာလုံးကျွတ် အကုန် ထွက်ပြေးခဲ့ရတာ။ ဝင်ဆွဲ၊ ထွက်တဲ့သူက ထွက်ပြေး၊ လွတ်တဲ့လူက လွတ်ပေါ့။ ပိတ်မိသူတဲ့သူက ပိတ်မိပေါ့၊ အဲလိုမျိုးတွေ ဖြစ်နေတာ။ ရွာကို ပိတ်ဖမ်းတာ။ ကျနော်တို့ သိရသလောက်ကတော့ (၁၀၀)နီးပါးလောက်ကို ရှိမှာ။ တစ်ရွာပြီး တစ်ရွာကို ဝင်ဖမ်းတာ”

စစ်အုပ်စုက အခုလို ရွာတွေကို ပိတ်ဆို့ ဖမ်းဆီးပြီး စစ်သားသစ် စုဆောင်းနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိကက စစ်မှုထမ်းဖို့ အင်အားစုတာပဲ။ အသက်အရွယ်အပိုင်းခြားကို မဟုတ်တော့ဘဲနဲ့ တွေ့တဲ့လူ ဆွဲတဲ့ အနေအထားပဲ။ ဘယ်နှနှစ်ကနေ ဘယ်နှနှစ် သူတို့ သတ်မှတ်ချက် ရှိတယ်လေ။ အဲလိုကို မဟုတ်တော့ဘူး။ အသက် (၄၀)၊(၅၀)လည်း ဆွဲ၊ အသက်(၆၀)လောက်လည်း ဆွဲနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝါသဝနဲ့စစ်အုပ်စုက ဒေသခံတွေကို ဖမ်းဆီးပေါ်တာဆွဲ လူသစ်စုရာမှာ အသက်အရွယ် အပိုင်းအခြား မထားတော့ဘဲ တွေ့သမျှလူ ဖမ်းဆီးနေတာကြောင့် မပြေးနိုင်မလွှားနိုင်တဲ့ အသက်ကြီးပိုင်းတွေပါ ရွာကထွက်ပြီး ပြေးနေရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝါသဝနဲ့ စစ်အုပ်စုက ရွာတွေကို စီးနင်းရာမှာ ထွက်ပြေးလို့ လူမရှိတော့တဲ့ အိမ်တွေကို ဖောက်ထွင်းပြီး တန်ဘိုးရှိပစ္စည်းတွေ ခိုးယူတာ၊ ကျန်နေခဲ့တဲ့ ကျွဲ၊နွားတွေကို သိမ်းယူတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်ထဲ စစ်အုပ်စုနဲ့ပျူတွေ ခြောက်လခန့်ကြာ စစ်ကြောင်းမထိုးဘဲ ငြိမ်နေခဲ့ရာက ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက စလို့ တကြော့ပြန် စစ်ကြောင်းထိုးပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့သလို နယ်မြေချဲ့ထွင် အထိုင်ချ တပ်စွဲတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုနဲ့ပျူတွေက ရွာကို ပိတ်ဆို့ကာ တွေ့သမျှလူ ပေါ်တာဆွဲ၊ လူသစ်စု ခံနေရတဲ့ ကန့်ဘလူနယ် ထန်းကုန်းတိုက်နယ်ထဲက ရွာတွေ/Photo – Infinity Group


Comments

Leave a Reply

Your email address will not be published. Required fields are marked *