စစ်ကောင်စီအတွက် အောင်ဘာလေထီမှ ရငွေ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်း

ပြည်သူအများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးဘဲ သပိတ်မှောက်ထားရာ အောင်ဘာလေထီရောင်းချရာမှ ရသည့်ဝင်ငွေ ဆက်တိုက်ကျဆင်းလာနေပြီး အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနိုင်သည်ဟု တွက်ချက်သိရသည်။

စစ်တပ် အာဏာမသိမ်းမီ ၂၀၂၀ ဘဏ္ဍာနှစ်တွင် အောင်ဘာလေထီရောင်းချမှုမှ အခွန်ငွေ ကျပ် ၁၆၀ ဘီလျံ ရရှိခဲ့သည်။ ယခု ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁၉ ဘီလျံကျော်သာ အခွန်ရနိုင်မည်ဟု စစ်ကောင်စီပြဋ္ဌာန်းထားသည့် ၂၀၂၄ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လျာထား ဖော်ပြထားသည်။

ထိုအခွန်ရရှိငွေ လျာထားချက်ကို တွက်ချက်ပါက ၈၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ကို တွေ့ရသည်။ ထီရောင်းအားနှင့် အခွန်ငွေရရှိမှု တိုက်ရိုက်အချိုးကျသည်ဖြစ်ရာ စစ်ကောင်စီအတွက် ထီရောင်းရသည့် အခွန်ရငွေ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားနိုင်ခြင်းဖြစ်သည်။

စစ်ကောင်စီအတွက် ဝင်ငွေဖြတ်တောက်ရန် ပြည်သူလူထုက တက်ညီလက်ညီ သပိတ်မှောက်နေခြင်းကြောင့် အောင်ဘာလေထီမှာ တစ်နှစ်ပြီးတစ်နှစ် အသက်ငင်လာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က သူ၏ Facebook လူမှုကွန်ရက်တွင် ရေးထားသည်။

“ဝင်ငွေဖြတ်တောက်ရေးဆိုတာ ပြည်သူက နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နိုင်တဲ့ကိစ္စဖြစ်ပြီးတော့ တစ်ဦးချင်းတစ်ယောက်ချင်းက အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်ကို အရှိုက်ထိုးနိုင်တဲ့ ကိစ္စပါ” ဟု ဦးတင်ထွန်းနိုင်က ရေးသည်။

အခြားတစ်ဖက်တွင်လည်း အောင်ဘာလေထီကို ရောင်းအားတက်လာရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။ ယခင်က ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုချီးမြှင့်ခဲ့ရာမှ ၂၀၂၁ အောက်တိုဘာတွင် ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးမည်၊ ၃၀ ရာခိုင်နှုန်းကိုသာ အခွန်ငွေအဖြစ် သိမ်းယူမည်ဟု မက်လုံးပေးခဲ့သည်။

ထို့ပြင် ထီရောင်းအားသွက်လာရေးအတွက် အောင်ဘာလေထီကို အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ရောင်းချနိုင်ရန် ၂၀၂၃ ဇွန်လတွင် ခြေလှမ်းစခဲ့ပြန်သည်။ ထိုအွန်လိုင်းထီစနစ်အတွက် နည်းပညာဝန်ဆောင်မှုပေးမည့် ကုမ္ပဏီကို စစ်တပ်ပိုင် Mytel ကို လုပ်ပိုင်ခွင့်ပေးခဲ့သည်။

သို့သော် ရောင်းအားတက်လာခြင်းမရှိဘဲ အမြင့်ဆုံးထီဆုကို ကျပ်သိန်း ၁၅,၀၀၀ ပေးရာမှ ယခုအခါ ကျပ်သိန်း ၅,၀၀၀ သာ ပေးနိုင်တော့သည်။ ထီလက်မှတ်ဈေးကိုလည်း သတ်မှတ်ဈေး ကျပ် ၁၀၀၀ မှ လျှော့ချခြင်းမရှိပေ။

လက်ရှိတွင် ထီဝယ်ယူမှုများ ရှိနေသော်လည်း အာဏာမသိမ်းမီကာလရောင်းအားနှင့် နှိုင်းယှဉ်လျှင် များစွာကွာခြားသည်ဟု ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ အမည်မဖော်လိုသည့် ထီဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကပြောသည်။

“(သပိတ်မှောက်တဲ့အကျိုးဆက်) က အခုချိန်ထိ ရိုက်ခတ်မှုရှိနေသေးတယ်။ ဒီငွေတွေက ဘာဝယ်တဲ့ငွေ၊ ညာဝယ်တဲ့ငွေ (လက်နက်နဲ့စစ်ရေးအသုံးစရိတ်) ဖြစ်သွားမယ်ဆိုပြီး မထိုးကြဖို့ပေါ။ နောက်ပြီး ဆုရတဲ့ သူတွေကို ငွေသားထုတ်ပေးတာကို မလျော်ပါဘူးဆိုပြီး ကောလာဟလတွေ ဖြစ်နေကြတယ်။ အဲဒါဟာကို သံသယရှိတဲ့သူကတော့ မထိုးဘူးပေါ့ဗျာ” ဟု သူက ဆိုသည်။

ထီကံစမ်းသူ နည်းပါးသွားသလို ထီရောင်းချသူများလည်း နည်းပါးသွားကာ ယခင်က တွန်းလှည်း၊ ကားနှင့် ထီဆိုင်ဖွင့်သူများသည် ကုန်စိမ်းကုန်ခြောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အခြားကျပန်းလုပ်ငန်းများ ပြောင်းလုပ်နေကြသည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အောင်ဘာလေထီ ရောင်းအားထိုးကျသွားချိန် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့အစည်းတချို့က ထီလက်မှတ် ထုတ်ရောင်းလာပြီး လစဉ် ဝင်ငွေအသင့်အတင့်ရနိုင်သော ရန်ပုံငွေရှာဖွေသည့် နည်းလမ်းဖြစ်လာသည်။

NUG အစိုရးက ရောင်းချနေသည့် ‘နွေဦးထီ’၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ရန် ပေါ်ပေါက်လာသည့် ‘တူမီးထီ’၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ‘သူးလေထီ’နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း/ ပလောင်ဒေသ ပညာရေးအတွက် ‘တအာင်းထီ’ တို့ ပေါ်ပေါက်လာသည်။

ထိုထီများ၏ ရောင်ရငွေ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိကို ဆုကြေးငွေအဖြစ် သတ်မှတ်ထားသည်။ စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကလည်း တော်လှန်ရေးအင်အားစု ရောင်းချနေကြသည့် ထီများကို ဝယ်ယူကံစမ်းနေကြသည်။ အလားတူ တစ်လနှစ်ကြိမ်ထွက်သည့် ထိုင်းထီ၊ စင်ကာပူထီများကိုလည်း ဝယ်ယူကံစမ်းလာကြသည်။

“ထီဝါသနာပါတဲ့သူက သီးသန့်ကိုရှိတယ်။ မြန်မာထီကိုလည်း Boycott လုပ်မယ် (သပိတ်မှောက်မယ်) ဆိုတော့ အနီးစပ်ဆုံး ထိုင်းထီကို ထိုးလာကြတဲ့သဘောရှိတယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

တစ်ပြိုင်တည်းတွင် စစ်တပ်၏ အောက်ဘာလေထီကို ဝယ်ယူမှုနည်းသွားသော်လည်း ထိုင်းနိုင်ငံရှိ စတော့ရှယ်ရာဈေးကွက်တွင် အရောင်းဝယ်ဖြစ်သည့် ကိန်းဂဏန်းကို အခြေခံထားသော ရုံးပိတ်ရက်များမှအပ တစ်နေ့သုံးကြိမ်ထွက်သည့် နှစ်လုံးထီ၊ တစ်လလျှင် ၂ ကြိမ်ထွက်သည့် ထိုင်းနိုင်ငံထီဂဏန်းအပေါ် အခြေခံထားသော ချဲနှင့် အွန်လိုင်းပေါ်တွင် ဆော့ရသည့် ဂိမ်းလောင်းကစားများနှင့် အခြားလောင်းကစားများ ဆက်လက်ခေါင်းထောင်နေသည်။

စားဝတ်နေရေး ခက်ခဲသည့် ပြည်သူများကြားတွင် အဆိုပါ တရားမဝင်ထီထိုးသူ အများအပြားရှိနေဆဲဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *