စစ်မျက်နှာတိုးမြှင့်ထား၍ မတူပီမြို့အဝင်လမ်းပိုင်းများ ပိတ်ပင်

မလိုက်နာသည့် လက်နက်ကိုင်တပ်ဖွဲ့များအား ပစ်မိန့်ပေးထားဟု အသိပေး

ချင်းပြည်နယ် မတူပီမြို့ရှိ စစ်ကောင်စီစခန်းများအား သိမ်းယူနိုင်ရေး ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်တွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များက စစ်မျက်နှာတိုးမြှင့်ထားကြောင်း ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ပါဝင်သည့် CDF-မတူပီ တပ်မဟာ(၂)က ယနေ့(ဇွန်လ ၂၀ရက်) ထုတ်ပြန်သည်။

CDF မတူပီ တပ်မဟာ(၂)သည် ချင်းပြည် ကောင်စီတပ်ပေါင်းစု၌ ပါဝင်နေသကဲ့သို့ CDF မတူပီ တပ်မဟာ(၁)သည် ချင်းညီနောင်တွင် ပါဝင်ထားသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မတူပီတွင် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုကဲ့သို့ အမိန့် ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။

ချင်းပြည်ကောင်စီ တပ်ပေါင်းစု၏ စစ်မျက်နှာတိုးမြှင့်ထား၍ မတူပီ – ပလက်၀လမ်း၊ မတူပီ – ကန်တောင်လမ်း၊ မတူပီ – ဟားခါးလမ်းနှင့် မတူပီ – လိုင်လဲန်းပီလမ်းအား အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ပြည်သူများအား အသိပေးထားသည်။

CDF မတူပီ တပ်မဟာ(၂) ခွင့်ပြုချက်မရှိဘဲ ထုတ်ပြန်ချက် မလိုက်နာသည့် ပြည်သူများ အနေဖြင့်ကြီးလေးသော ပစ်ဒဏ်ခံယူရမည် ဖြစ်ပြီး ခွင့်ပြုချက်မရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များကို ပစ်မိန့် ပေးထားကြောင်း CDF မတူပီ တပ်မဟာ(၂) တပ်မဟာမှူးက ကြေညာထားသည်။

မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ချင်းပြည်ကောင်စီ တပ်ပေါင်းစုအပြင် ချင်းညီနောင် ကလည်း အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်များဖြင့် လက်တွဲတိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ရက်တွင် မတူပီခမရ(၃၀၄) တပ်ရင်းကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။ ယင်းနေ့၌ပင် စစ်ရှောင်များအား သွားခေါ်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကို ချင်းညီနောင်က ဖမ်းဆီးလိုက်ခြင်းမှ အစပြု၍ ဇွန်လ ၁၈ရက်တွင် ချင်းပြည်ကောင်စီတပ်ပေါင်းစုနှင့် ချင်းညီနောင်အကြား တိုက်ပွဲဖြစ်ကာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

(မတူပီ CDF ရဲဘော်များနှင့် မတူပီမြို့အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ – မတူပီ CDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *