ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်အား ဖောကားနဲ့ စစ်အုပ်စုက ဝိုင်းပြီး ပစ်ခတ်ကြောင်း ကားပေါ်အတူပါတဲ့ ဆရာတော် မိန့်ကြား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲ ဇွန်(၁၉)ရက် မနေ့က မနက်ပိုင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ စစ်အုပ်စုက ဝိုင်းဝန်း ပစ်ခတ်တာ ဖြစ်တယ်လို့ ကားပေါ် အတူလိုက်ပါခဲ့တဲ့ ဆရာတော်က မိန့်ကြားပါတယ်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ကံသုံးဆင့် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနဲ့ ယာဉ်မောင်းတို့ လိုက်ပါလာတဲ့ ကားကို လုံခြုံရေး ကင်းလှည့်နေတဲ့ စစ်အုပ်စုက ကားမှန်မချဘဲ မောင်းနှင် လာတဲ့အတွက် ဆိုပြီး ပစ်ခတ်ခဲ့ရာ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်မှာ ပွဲချင်းပြီး ပျံလွန်တော်မူပြီး ကျန်ဆရာတော်နဲ့ ကားမောင်းသူ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကို စစ်အုပ်စုက လုပ်တာမဟုတ်ဘဲ PDF တွေက လုပ်တာလို့ စစ်အုပ်စုက လိမ်ညာ သတင်းဖြန့်ထားပါတယ်။

မန္တလေးမှာပစ်ခတ်ခံရလို့ ပျံလွန်တော်မူတဲ့ ဆရာတော်ရုပ်ကလာပ် ပဲခူးမြို့ကိုရောက်ရှိ

မန္တလေးတိုင်း တံတားဦးလေဆိပ်အနီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ်ဟာ ဇွန်လ ၂၀ ရက်နေ့မနက်မှာ ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်ရောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်လေးနာရီခန့်မှာ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆီ ဆရာတော်ရဲ့ရုပ်ကလာပ် ရောက်ရှိခဲ့တာပါ။

နောက်ဆက်တွဲ လုပ်ဆောင်မဲ့အစီအစဥ်တွေကို အစည်းအဝေးပြုလုပ်ပြီး ထုတ်ပြန်မယ်လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်တစ်ပါးကမိန့်ပါတယ်။

“ခုကတော့ ဒကာ၊ ဒကာမတွေ ပူဇော်ကန်တော့ကြပေါ့။ အခုလောလောဆယ်တော့ ဘာအစီအစဥ်မှ မလုပ်ရသေးဘူး။ ဆရာတော်ကြီးတွေရဲ့ထုတ်ပြန်ချက်ကို စောင့်နေတာပေါ့။ အစည်းအဝေးထိုင်ကြမယ်ပြောတယ်”

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာ နွမ်းပါးသူတွေရဲ့ပညာရေးအတွက် ပံ့ပိုးပေးနေတာကြောင့် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီဆရာတော်ကြီးဆိုရင် ငွေကြေးမတတ်နိုင်တဲ့ ပြည်သူတွေ၊ ဆေးကျောင်းတက်တဲ့အခါ မတတ်နိုင်တဲ့သူတွေကို လစဥ်ကြေးတွေထောက်ပံ့ပြီး ကူညီပေးနေတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ ပရဟိတလုပ်တဲ့သူတွေကိုလည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးနေတဲ့ဆရာတော်ပါ”

ဆရာတော်ဟာ ဇွန် ၁၉ ရက် မနေ့က မန္တလေးကို လေကြောင်းနဲ့ကြွချီခဲ့ပြီး တံတားဦးလေဆိပ်အထွက်မှာ ကားကို သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပျံလွန်တော်မူခဲ့ရတာပါ။

မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) မှာ ဇွန် ၂၀ ရက်နေ့မှာကျင်းပမဲ့ အစည်းအဝေးကိုတက်ဖို့ စီစဥ်ခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ တခြားဆရာတော်တစ်ပါးနဲ့ ယာဥ်မောင်းတို့လည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တာလို့ ဒေသခံတွေကပြောပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ တံတားဦးလေဆိပ်အနီး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်နေချိန် ဆရာတော်ရဲ့ကားကဝင်လာခဲ့ပြီး သေနတ်ကျည်ဆံထိမှန်ကာ ဆရာတော် ပျံလွန်တော်မူခဲ့ရတာလို့ ဖော်ပြထားပါတယ်။

ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါရှိပြီး ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယ ပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့များ ရရှိထားပါတယ်။

ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ကတွေ့ရစဥ်။ (Photo: Facebook/ Ashin Sanda Zawti)


Comments

Leave a Reply

Your email address will not be published. Required fields are marked *