မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် ပြည်သူများအား မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် ပြည်သူများအား မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း Area 71 PDF အဖွဲ့မှ ရဲဘော် Theo က ပြောသည်။

စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် မုံရွာ – မန္တလေးလမ်းပိုင်း မုံရွာနှင့် ချောင်းဦးမြို့ကြား၌ ပြီးခဲ့သည့် ဇွန်လ ၁၇ရက်ကတည်းက ခရီးသွားပြည်သူကို ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းခဲ့ကြောင်း၊ ယနေ့ (ဇွန်လ ၁၉ ရက်) နံနက် ၈ နာရီ ၁၀မိနစ်ခန့်တွင် မိုင်းဆင်ထားသည့်နေရာသို့ စစ်ကောင်စီတပ်သားများရောက်ရှိလာ၍ မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း Area 71 PDF အဖွဲ့၏ ရဲဘော်အချို့က ပြောသည်။

“တောပုပျူရွာကနေထွက်လာတာ။ ၁၅ ကနေ ၂၀ ကြားပါတယ်။ ပြည်သူတွေကို မထင်ရင်မထင်သလို လုပ်နေကြပဲ။ မြှုပ်ထားတဲ့မိုင်းတွေကို ပြန်ဖေါ်ခိုင်းတာတို့ မတင်ခိုင်းတာတို့ပေါ့။”ဟု Area 71 PDF အဖွဲ့မှ ရဲဘော် Theoက ပြောသည်။

အဆိုပါလမ်းပိုင်း၌ မိုင်းများပေါက်ကွဲပါက အသက်အန္တရာယ်ရှိ၍ ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းပေါ်ဖြတ်သန်းသွားသည့် ကြေးနီတင်ယာဥ်တန်းနှင့် ကင်းစောင့်စစ်သားများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *