စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ

ပျံလွန်တော်မူသွားသော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါသော Surf ကားကို စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ

အရပ်သားနှင့် PDF ခွဲခြားရန် ခက်ခဲသော အခြေအနေဟု အကြောင်းပြပြီး စစ်တပ်အဆင့်မြင့်အရာရှိများက စုံစမ်းနေပြီဟု ဆိုပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသော ပဲခူး၊ ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါသော Surf ကားကို စစ်ကောင်စီတပ်များက လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြောဆိုလိုက်သည်။

ယနေ့ညပိုင်း ထုတ်ပြန်သော အကြမ်းဖက်ဇော်မင်းထွန်း၏ ရုပ်သံဖိုင်တွင် ယင်းကဲ့သို့ ပထမဆုံးအကြိမ် စစ်ကောင်စီဘက်က စတင်ဝန်ခံလာခြင်းဖြစ်သည်။

ငါန်းဇွန်နှင့် မြို့သာဒေသသည် PDF များက အရပ်သားအယောင်ဆောင်၊ ရွာ သားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်၊ မိုင်းထောင် မိုင်းခွဲ လုပ်ဆာင်နေသော နေရာဖြစ်ကြောင်း၊ ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီတွင် ဆိုင်ကယ် ၃ စီးဖြင့် အရပ်ဝတ်များက မြို့သာနယ်မြေရဲစခန်းကိုပစ်ခတ်တိုက်ခဲ့သောကြောင့် ၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆နာရီခွဲတွင်လည်း ဆီမီးခုံနှင့် မန္တလေး ပြေးဆွဲနေသည့် ပြည့်စုံအောင် ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးကို ကမ္မကျေး ရွာအနီး ဖောင်းကတော ၊ သားကျင်ဘက်ကို PDF က ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် ငါန်းဇွန်မြို့မှ လုံခြုံရေးအဖွဲ့များက အဖွဲ့ ၂ ဖွဲ့ခွဲပြီး အရှေ့ဘက် လမ်းကြောင်း၊ အနောက်ဘက်လမ်းကြောင်း ၂ ကြောင်း ဖောင်းကတော သားကျင်နေရာသို့ လုံခြုံရေး ဆောင်ရွက်ရန် ချီတက်ခဲ့ကြောင်း၊ အဆိုပါ လုံခြုံရေးအဖွဲ့လည်း နံနက် ၁၀ နာရီတွင် မိုင်းဆွဲခံရသဖြင့် စစ်တပ်ဘက်မှ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအချိန် ဆရာတော်များလိုက်ပါသော အရပ် သား Surf ကားက ဖြတ်သန်းခြင်းဖြစ်ပြီး ကားရပ်ရန် တားဆီးခဲ့ကြောင်း၊ မိုးပေါ်ထောင်သေနတ်ဖောက်သည့်အပြင်ကားကိုပါ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပထမဆုံးအကြိမ်အဖြစ် ဝန်ခံခြင်းဖြစ်သည်။

“လုံခြုံရေးအဖွဲ့တွေက ကမ္မရွာရဲ့ ထိပ် ဘုရားအနီး ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ် လိုင်စင်တပ် Surf အမျိုးအစား ယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကို ရပ်တန့်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက အော်ဟစ်တားဆီးတာတွေ လက်ပြတားဆီးတာတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။ နောက်ဆုံး သေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ် သား Surf ကားက ကျော်တက် မောင်းနှင်သွားတဲ့အခါမှာလည်း နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တာကို အကြမ်းဖျဥ်းသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ် သက်ပြီး ထပ်မံ အသေးစိတ် ထပ်မံ စိစစ်သွားပါတယ်။ အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲတွေရှိပါတယ်။ PDF တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ်သားအယောင်ဆောင် ပြီး အပြစ် မဲ့ ပြည်သူတွေ လုခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ် နှောင့်ယှက်နေတာဖြစ်ပါတယ်။ ရန်သူ ၊ မိမိ၊ သာမန်ပြည်သူ ရုတ်တရက် ခွဲခြားနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနနေဲ့ မြို့ရွာတွေကို ကာကွယ်နိုင်ဖို့ သာမန် အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင်ကြရပါတယ်” ဟု​ အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။

စစ်ကောင်စီက ယခုအခါ အဆင့်မြင့်အရာရှိများပါဝင်သော စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းနေကြောင်း၊ စုံစမ်းဖော်ထုတ်ချက်များအရ တွေ့ရှိချက်များကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ထပ်မံ ဝန်ခံခဲ့သည်။

“တပ်မတော်အနေနဲ့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှု ဘာသာ သာသနာ စည်ပင်ထွန်းကား ပြန့်ပွားစေဖို့ ခိုင်မာစေဖို့ ရှေးယခင်ကတည်းက တက်ကြွနိုးကြွားစွာ ဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာဝင်အားလုံးအသိဖြစ်ပါတယ်။ အဆင့်မြင့်အရာရှိများပါဝင်တဲ့ အဖြစ်မှန်စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါ့မယ်။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်တဲ့ အရေးယူဆောင်ရွက်ချက်များကို ဆောင်ရွက်သွားပါ့မယ်” ဟု အကြမ်းဖက်ဇော်မင်းထွန်းက ဆိုသည်။

မူလက စစ်ကောင်စီက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်သည် PDF များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည်ဟု သတင်းလိမ်လည် ထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီးက စစ်ဗိုလ်စစ်သားများက ရက်ရက်စက်စက် ဆရာတော်များ၏ ကားကို ပစ်ခတ်၍ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရကြောင်း မိန့်ကြားပြီးမှသာ စစ်ကောင်စီက ဝန်ခံလာခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *