ဆရာတော်ကြီးရဲ့ အသက်ကို နုတ်ယူပြီး မုသားအကြိမ်ကြိမ်ဆိုခဲ့တဲ့ အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပါတယ်။

ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရ ဆရာတော်တို့ရဲ့ကားကို စစ်တပ်က ဖောကားပေါ်ကနေ သေနတ်နဲ့ ၇ချက် ၈ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ဒီဖြစ်ရပ်မှန်ကို ဝန်မခံတဲ့အပြင် “PDF တွေက ပစ်ခတ်ကာ တပ်မတော်က ဆေးကုပေးတယ်” ဆိုပြီး ဆရာတော်တွေရဲ့ ယာဉ်မောင်းကို ဖိအားပေး လိမ်လည်ထွက်ဆိုခိုင်းခဲ့ပါတယ်။

မကြာခဏ အာဏာသိမ်းလေ့ရှိတဲ့ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ခေတ်အဆက်ဆက် ရိုးသားမှုမရှိဘဲ လိမ်လည်လှည့်ဖျားလာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာသိ ၈၈ အရေးအခင်းမှာ ပြည်သူလူထုနဲ့ သံဃာထု တစ်ရပ်လုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာလည်း သံဃာတွေကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာလည်း သံဃာတွေကို ဘယ်လို အငြိုးတကြီး တုံ့ပြန်ခဲ့လဲဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတဲ့ အရေခြုံပြီး သံဃာတွေကို နိုင်ငံရေးမှာ အသုံးချဖို့သာ စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကတော့ ဘာသာတရားနဲ့ ကင်းကွာနေတာကို မြင်တွေ့နိုင်ပါတယ်။

“သာမန်ပြည်သူတစ်ယောက်ဆိုရင် ဒီသတင်းက ပြီးသွားမှာ။ အခုက နိုင်ငံတော်သံဃနာယကအဆင့် ဆရာတော်ကြီးမို့လို့သာ လူသိရှင်ကြားဖြစ်ခဲ့ရတာ။ ဒါတောင်မှ ကားသမားကို လက်ပတ်တီးနဲ့ ဖိအားပေးပြီး တစ်မိနစ်ဖိုင်နဲ့ထုတ်ပြီး MRTV ကနေ ထုတ်ပြန်လိမ်ခဲ့သေးတယ်။ ဒါတွေအားလုံးက တိုင်းသူပြည်သားတွေအနေနဲ့ နားလည်သင့်နေပြီ။ သံဃာတော်တွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို အထင်ကြီးပြီး တစ်ဖက်တည်းရပ်ခဲ့တာတွေကိုလည်း နားလည်သင့်တယ်။ ဒါတောင် ကံသုံးဆင့် ဆရာတော်ကြီးက တိုင်းပြည်ကိုချပြပြီး မိန့်ကြားလိုက်တာဆိုတော့ သူတို့လိမ်တာတွေ ပေါ်လာခဲ့ရတယ်။ဒီဆရာတော်ကြီးပြီးရင် တိုင်းသူပြည်သားတွေအလှည့်၊ သံဃာတော်တွေအလှည့်ရောက်လာမယ်ဆိုတာတော့ သိစေချင်တယ်။ နိုင်ငံတော်အဆင့်ဆရာတော်ကြီးက ကားစီးရင်း မှန်မချခဲ့လို့ အခုလိုပစ်ခတ်ခဲ့တာဆိုရင် မြန်မာတပြည်လုံးက ကားနဲ့ခရီးသွားနေတဲ့ပြည်သူတွေကိုလည်း ပစ်ခတ်ဦးမှာပဲဆိုတာ သိသင့်တယ်” လို့ ၈၈ ကျောင်းသားဟောင်း ကိုဇော်ရမ်းက ပြောပါတယ်။

လက်ရှိမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကို ပစ်ခတ်သေဆုံးစေခဲ့တဲ့ တရားခံ အာဏာသိမ်း စစ်တပ်နဲ့ ပတ်သက်ပြီး သံဃာထုကြားမှာလည်း ဝေဖန်မှုတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါပြီ။ ဒီကိစ္စမှာ ဗူးပေါ်သလို ပေါ်လာတာကတော့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူလူထုနဲ့ သံဃာထုအပါအဝင် တိုင်းပြည်အပေါ် ဘယ်သောအခါမှ မရိုးသားဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ပုံစာ – အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပျံလွန်တော်မူတဲ့ ဆရာတော်ကြီးထံ လာရောက်ခဲ့ပုံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *