တရုတ်မှာ ရေကြီး၊ မြေပြိုလို့ လူဆယ်နဲ့ချီသေဆုံးတဲ့အပြင် ဒေသခံသောင်းချီ ပြောင်းရွှေ့နေရ

တရုတ်နိုင်ငံ(တောင်ပိုင်း)မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရုတ်တရက် ရေကြီး၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး ရေကြီးမြေပြိုမှုဟာ နောက်ထပ်ပိုဆိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့ကစပြီးဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေထဲမှာ အနည်းဆုံး လူ(၁၃)ဦးသေဆုံးခဲ့ပြီး အဆောက်အအုံတွေ တချို့တဝက်ဟာလည်း နစ်မြုပ်ခဲ့ရပါတယ်။ လတ်တလော ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက စက်တပ်လှေငယ်တွေ အသုံးပြုပြီး ကယ်ဆယ်မှုတွေလုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ရုပ်သံနဲ့တကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆုန်ယွမ်နဲ့ ရှီကူမြစ်တွေရဲ့ စံချိန်တင်ရေကြီးမှုအတွင်း အထိအခိုက်အပျက်အစီးအများဆုံး မြစ်ကမ်းပါး အနီးနားဒေသဖြစ်တဲ့ ကွမ်တုံးပြည်နယ် မိန်ကျုံးမြို့မှာ အနည်းဆုံး လူကိုးဦး သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနဖြစ်တဲ့ CCTV က ဒီကနေ့ ဇွန် ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ကွမ်တုံးပြည်နယ်ဟာ စီးပွားရေးအရ အရေးပါတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၁၂၇ သန်းအထိ နေထိုင်လျက်ရှိကာ နှစ်စဉ် ဧပြီလကနေ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

ဒါပေမဲ့ ရာသီဥတု ဆိုးရွားဖောက်ပြန်မှုကြောင့် ပိုပြီး ပြင်းထန်တဲ့ရာသီဥတုတွေ ကြုံတွေ့လာရနိုင်ပြီး အသေအပျောက်များတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အဲဒီပြည်နယ်ဟာ ပိုပြီး ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတွေရယ်၊ ပိုမိုဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေကို ကြုံတွေ့လာရပါတယ်။

အခုသီတင်းပတ်ရဲ့ အစောပိုင်းမှာလည်း မိန်ကျုံးမြို့က ဒေသခံ တစ်သောင်းကျော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး လူပေါင်း (၁၃၀,ဝ၀ဝ) ခန့်ဟာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရသလို မြို့အာဏာပိုင်တွေဟာ ဘေးအန္တရာယ်ကို အရေးပေါ် တုံ့ပြန်မှု အဆင့် ၁ အဖြစ် သတ်မှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရေလွှမ်းမိုးမှု အရေးပေါ်တုံ့ပြန်ရေးစနစ်မှာ အဆင့်လေးဆင့်ရှိပြီး အဆင့် ၁ က အပြင်းထန်ဆုံးဖြစ်ပါတယ်။

ကွမ်တုံးပြည်နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ ဖူကျန်းပြည်နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူလေးဦး သေဆုံးခဲ့ရပြီး ခရိုင်လေးဆယ်မှာရှိတဲ့ လူပေါင်း (၅၈၆,၅၀ဝ) ဝန်းကျင်ဟာ မိုးရွာသွန်းမှု ဒဏ်ကို ခံစားခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာက ထုတ်ပြန်ပါတယ်။

ကွမ်တုံးပြည်နယ်ရဲ့ အနောက်ဘက်မှာ ကပ်လျက်တည်ရှိနေတဲ့ ကွန်ရှီးပြည်နယ်တွင်းက မြစ် (၄၈) စင်းရဲ့ မြစ်ရေဟာ ရေလွှမ်းမိုးမှုအဆင့် သတိပေးချက်အထက်ကိုရောက်နေပြီဖြစ်တဲ့အတွက် အာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်မှု အဆင့် ၂ ကို စတင်ရတော့မယ့်အနေအထားမျိုးဖြစ်နေပြီလို့ နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာ့လှည့်ခရီးသွားတွေကြား ထင်ရှားကျော်ကြားတဲ့ ကွေးလင်မြို့ကိုဖြတ်သန်းစီးဆင်းတဲ့ လီကျန်းမြစ်ကလည်း ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ဖြစ်စေခဲ့တဲ့အတွက် လူပေါင်း (၆,ဝ၀ဝ) ကျော်ကို ဘေးလွှတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြာသပတေးနေ့ ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ရေကြီးရေလျှံမှုအတွက် အရေးပေါ်တုံ့ပြန်မှုတွေ ဆောင်ရွက်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် အစွမ်းကုန်ကြိုးစားကြဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇွန် ၁၈ ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံတောင်ပိုင်းဟာ ပြင်းထန်တဲ့ရာသီဥတုနဲ့အတူ မိုးသည်းထန်စွာရွာသွန်းခြင်းကို ကြုံတွေ့နေရပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာတော့ စံချိန်တင် အပူချိန်နဲ့အတူ ဆိုးဆိုးရွားရွား မိုးခေါင်ခြင်းတို့ကို ကြုံတွေ့နေရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အခြားသောဒေသတွေမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုစောပြီး ပိုကြာလာတဲ့ အပူချိန် မြင့်တက်လာမှုနဲ့ မိုးခေါင်မှုတို့ကို ကြုံတွေ့လာနေရပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အား မလုံလောက်တာတွေ၊ အစားအစာနဲ့ စက်မှုလုပ်ငန်းတွေအတွက် လုံလောက်တဲ့ အထောက်အပံ့တွေ မရနိုင်တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်လာနေတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *