နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်းသွင်း

ဘူးသီးတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်မိသားစုဝင်များကို လစာမပေးတော့၊ မောင်တောမှ နယ်ခြားစောင့်ရဲမိသားစုဝင်များ လည်း လစာမရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်း သွင်းပြီး ကျန်ရစ်မိသားစုဝင်များကို လစာမပေးတော့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သော မိသားစုဝင်တချို့ကပြောဆိုသည်။

အမှတ် ၈ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အပါအဝင် ဘူးသီးတောင်တွင် တာဝန်ကျခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၁၉၃ ဦးကို ပျောက်ဆုံးစာရင်းသွင်းပြီး မေလမှ စတင်၍ လစာမပေးတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပျောက်ဆုံးစာရင်းဖြစ်နေလို့ လစာကတော့ တစ်ဝက်တောင်မဟုတ်ဘူး။ မပေးတော့ဘူး။ ၆ လစောင့်ရမယ်ပြောတယ်။ အဆက်အသွယ်မရတော့ရင်တော့ လိုင်းခန်းကလည်း ဖယ်ပေးရမယ်” ဟု ဘူးသီးတောင်တွင် တာဝန်ကျပြီး ပျောက်ဆုံးနေသည့် နယ်ခြားစောင့်ရဲတစ်ဦး၏ ကျန်ရစ်သော မိသားစု တစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ ၃၇၈ ၊ ခမရ ၂၃၄ ၊ ခမရ ၃၄၅ ၊ ခမရ ၃၅၂ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့လည်းကောင်း၊ မေလ ၁၄ ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၂၆၃ နှင့် ခမရ ၂၃၃ တို့ကိုလည်းကောင်း၊ မေလ ၁၃ ရက်နေ့တွင် နခခ ၃ အားလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နခခ ၈ စခန်း( အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ဖွဲခွဲစခန်းဌာနချုပ်) ကိုလည်းကောင်း အသီးသီးသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည် မောင်တောမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့များ အထူး သဖြင့် နယ်ခြားစောင့်တပ် နခခ တပ်သားများမှာ ပျောက်ဆုံးစာရင်းသွင်းခံရခြင်းကြောင့် ကျန်ရစ်သူ မိသားစုဝင်များ လစာမရခြင်း၊ ရှေ့တန်းထွက် အသက်စွန့်တိုက် ခိုက်နေသော ရဲတပ်ဖွဲ့ဝင်များလည်း လစာမရကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောဆိုခဲ့ကြသည်။

မောင်တောဒေသသို့ လက်နက်ခဲယမ်းများ ပို့ဆောင်နိုင်ပြီး လစာငွေကျမပေးကြဘဲ အထက်အရာရှိများက အကြောင်းအမျိုးမျိုး ပြနေသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင်တစ်ဦးက ပြောဆိုခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *