ဝင်းနိမ္မိတာရုံ ဆရာတော်ပစ်သတ်ခံရသည့်အဖြစ်မှန် ထိပ်ပိုင်းခေါင်းဆောင်များ မသိခဲ့ဟု စစ်ကောင်စီ၏ ပဲခူးဝန်ကြီးချုပ်ဖုံးဖိ

စစ်ကောင်စီထိပ်ပိုင်းအရာရှိတို့က ဖြစ်ရပ်မှန်မသိဟု ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောသော်လည်း အသက်မသေဘဲ ကျန်ခဲ့သည့် ကံသုံးဆင့်ဆရာတော်သည် ည ၉ နာရီခန့်အထိ ထိန်းသိမ်းစစ်ဆေးခံခဲ့ရသည်။

ဝင်းနိမ္မိတာရုံ ဆရာတော်ပစ်သတ်ခံရသည့်အဖြစ်မှန် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ မသိခဲ့ဟု စစ်ကောင်စီ၏ ပဲခူးဝန်ကြီးချုပ်က ဖုံးဖိပြောဆိုခဲ့သည်။

ထိုဖြစ်ရပ်အတွက် အစီရင်ခံစာရေးသားသူများကို အရေးယူမည်ဟုလည်း စစ်ဗိုလ်ချုပ်နှင့် ဒုရဲချုပ်အဖြစ်မှ အာဏာသိမ်းပြီးနောက် ပဲခူးဝန်ကြီးချုပ်ဖြစ်လာသူ ဦးမျိုးဆွေဝင်းက ဆိုသည်။

“လူကြီးတွေသိတာ တစ်ခြားစီဖြစ်နေတာ”

“အဲဒါကို (ဖြစ်ရပ်မှန်ကို) မပြောဘဲနဲ့ ဟိုဘက်ကဟာကို (အစီအရင်ခံစာ) လုပ်ပြီးတော့ လူကြီးကို တင်ပြတာ အဲလိုဖြစ်သွားတာ၊ တစ်ခြားစီဖြစ်သွားတာ၊ ဒေါသဖြစ်ရပါတယ် အရေးယူရင် အဲကောင်တွေကို အရေးယူရမှာ ဒီကောင်တွေကို ပြတ်ပြတ်သားသား အရေးယူရမှာ” ဟု ယမန်နေ့ (ဇွန် ၂၀) က လူမှုကွန်ရက်တွင် ပြန့်နှံလာသည့် ဗီဒီယိုဖိုင်တွင် ဝင်းနိမ္မိတာကျောင်းအတွင်း ဝင်းနိမ္မိတာဆရာတော်၏ ရုပ်အလောင်းဘေးတွင် ဦးမျိုးဆွေဝင်းထိုင်ကာ ကျန်သံဃာတော်ကြီးများကို ဖြေရှင်းချက်ပေးရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ (ဇွန်လ ၂၁ ရက်) တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက ပြည်နယ်နှင့်တိုင်းအလိုက် အုပ်ချုပ်ရေးအရာရှိများ၏ လှုပ်ရှားမှုများကို ဖော်ပြထားသော်လည်း ဦးမျိုးဆွေဝင်း ဝင်းနိမ္မိတာရုံသို့ သွားရောက်ကာ ဆရာတော်များထံ အထက်ပါလျှောက်ထားချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။

ဦးမျိုးဆွေဝင်းသည် နဝတအစိုးရလက်ထက်ကတည်းက စစ်ဘက်မှ ရဲတပ်ဖွဲ့သို့ အသွင်ပြောင်းလာသူဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့တွင် ဒုတိယရဲချုပ် (၁) ဖြစ်လာခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် ဒုတိယရဲချုပ် (၁) မှ ပဲခူးတိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်လာပြီး ခြောက်လအကြာတွင် ပဲခူးတိုင်းဝန်ကြီးချုပ်ဖြစ်လာသည်။

အခင်းဖြစ်ပွားပြီးနောက် တိုင်းသာသနာရေးဦးစီးမှူး၏ သာသနာရေးဝန်ကြီးဌာနသို့ တင်ပြသည့် အစီရင်ခံစာတွင် ဆရာတော်ကြီးကို ပစ်ခတ်သူများမှာ ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များဟု ဖော်ပြထားသည်။

သေနတ်ဒဏ်ရာဖြင့် လက်သုံးကြောင်းပြတ်ခဲ့သည့် ဆရာတော်ကြီး၏ ယဉ်မောင်းဖြစ်သူကလည်း ဆရာတော်ကြီးပစ်သတ်သူများမှာ PDF များဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် ဝင်းနိမ္မိတာရုံဆရာတော်နှင့်အတူ ကားပေါ်လိုက်ပါလာသည့် ကံသုံးဆင့်ဆရာတော်ကမူ ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်သူများမှာ စစ်ဗိုလ်နှင့် စစ်သားများဖြစ်သည်ဟု ယမန်နေ့တွင် သံဃာထုကို မိန့်ကြားခဲ့သည်။

ထိုမိန့်ကြားချက်ထွက်လာပြီးနောက် ဖြစ်စဉ်များကွဲလွဲနေသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများတွင် ယနေ့ (ဇွန်လ ၂၁) ရက်တွင် ထုတ်ပြန်လာသည်။

ယင်းတို့၏ သတင်းထုတ်ပြန်ချက်များသည် လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်၏ တင်ပြလာမှုများအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကွဲလွဲမှုများပေါ်ပေါက်လာခြင်းကြောင့် စိစစ်ဖော်ထုတ်နေသည်၊ လိုအပ်သည့် အရေးယူမှုများလုပ်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီထိပ်ပိုင်းအရာရှိတို့က ဖြစ်ရပ်မှန်မသိဟု ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောသော်လည်း အသက်မသေဘဲ ကျန်ခဲ့သည့် ကံသုံးဆင့်ဆရာတော်သည် ည ၉ နာရီခန့်အထိ ထိန်းသိမ်းစစ်ဆေးခံခဲ့ရသည်။

ထို့နောက် မန္တလေးနန်းတွင်းသို့ ခေါ်ဆောင်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က ထပ်မံစစ်ဆေးခဲ့သည်။

“ဘုန်းကြီးကို နန်းတွင်း (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ထဲကျတော့ ၅ ခါလောက် စစ်ဆေးပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီး ထွက်ဆိုပါတယ်” ကံသုံးဆင့်ဆရာတော်က မိန့်သည်။

သေနတ်ဒဏ်ရာဖြင့် လက်သုံးချောင်းပြတ်ခဲ့ရပြီး ဆရာတော်ကြီးကို PDF များ ပစ်သတ်ပါသည်ဟု ထွက်ဆိုခဲ့ရသည့် ယာဉ်မောင်းမှာ အဆက်အသွယ်မရတော့ဟု ပဲခူးဒေသခံတစ်ဦးက ဆိုသည်။

“ကားဆရာကတော့ အဆက်အသွယ်အရသေးဘူး၊ ဗီဒီယို (ကံသုံးဆင့်ဆရာတော်၏ မိန့်ကြားချက်) မတက်ခင်ကတော့ နီးစပ်တဲ့သူတွေက အဆက်အသွယ်ရတယ်၊ ခု ကားဆရာက လုံဝးအဆက်အသွယ်ပြတ်နေတယ်”

စစ်တပ်၏ပစ်ခတ်မှုသည် မသိသဖြင့် ကျူးလွန်ခဲ့မိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က တောင်းပန်ခဲ့သော်လည် ဆရာတော်ကြီးများက လက်မခံဘဲ တစ်နိုင်ငံလုံးသိအောင် တောင်းပန်ရန် မိန့်သည်ဟု အခြေအနေသိရှိရသူတစ်ဦးက ဆိုသည်။

ထို့ပြင် စစ်တပ်က ပေးအပ်သည့် အကူအညီကို ဆရာတော်ကြီးများက လုံးဝလက်မခံဘဲ ဈာပနတစ်ခုလုံးကို သံဃာတော်များသာ ကိုယ်တိုင်ဦးဆောင် လုပ်ဆောင်သွားသည်ဟု မိန့်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဝင်းနိမ္မိတာရုံဆရာတော်၏ ရုပ်အလောင်းထားရှိရာ ပဲခူးမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်၊ ဝင်းနိမ္မိတာရုံကျောင်းထဲတွင်လည်း ယူနီဖောင်းများ၊ အရပ်ဝတ်များဖြင့် စစ်ကောင်စီလက်အောက်ခံ အများအပြားရှိနေသည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *