စစ်တပ်ပစ်ခတ်မှုကြောင့် ရွှေကျင်ဂိုဏ်းဆရာတော်ပျံလွန်တော်မူသည့်ဖြစ်စဥ် လွန်စွာထိတ်လန့်ဖွယ်ကောင်းဟု သံဃသမဂ္ဂ(မန္တလေး)ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ဆရာတော်ကြီးပါမချန်သတ်ဖြတ်နေဟု ရွှေဝါရောင်ဆရာတော်မိန့်ကြား

ဂိုဏ်းတူဆရာတော်ဖြစ်ရပ်အပေါ် ‌နုတ်ဆိတ်နေသည့် ရွှေကျင်ဂိုဏ်းချုပ်ဆရာတော်သီတဂူမှာ သာသနာနှင့် တိုင်းပြည်ကို မျက်ကွက်ပြုသွားပြီဟု ရွှေဝါရောင်ဆရာတော်ဝေဖန်

စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဖြစ်စဥ်မှာ လွန်စွာထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယနေ့(ဇွန်လ ၂၁ ရက်) ကြေညာချက် ထုတ်ပြန်သည်။

ဇွန်လ ၁၉ရက်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသော ကားကို ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဆရာတော်ဘုရားကြီးသည် အခင်းဖြစ်ရာ နေရာမှာပင် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားနှင့် ကားတစ်စီးတည်း အတူလိုက်ပါခဲ့သော ကန်သုံးဆင့်ဆရာတော်ကြီးက သံဃာတော်များရှေ့မှောက် ပြန်လည် မိန့်ကြားချက်အရ သိရ၍ သံဃသမဂ္ဂ(မန္တလေး) အနေဖြင့် လွန်စွာဝမ်းနည်းကြေကွဲရကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြည်သူလူထုအား လိမ်လည် လှည့်ဖြား၍ သတင်းအမှားများ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်းပင် ၎င်းတို့ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ်ဖုံးကွယ်ရန် ကြိုးစားနေသည်မှာ လွန်စွာစက်ဆုပ်ဖွယ်ရာကောင်းသောလုပ်ရပ်ဟု သံဃသမဂ္ဂ(မန္တလေး)က ထောက်ပြသည်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားခြင်းသည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် လွန်စွာကြီးမားလှသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း၊ ဆရာတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာသင်သား၊ တပည့်သံဃာတော်များ၏ ရှေ့ဆောင်လမ်းပြ အာဇာနည်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်သာမက ဆရာတော်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်ရည်များနှင့် သာသနာတော်အတွက် ကြိုးစားအားထုတ်မှုတို့သည် သမိုင်းဝင်စံတန်ဖိုးထားရမည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူလူထုအား နေ့စဉ်နှင့်အမျှ လူသားမဆန်စွာ လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကာ ယခုကဲ့သို့ ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး လေးစား ဂုဏ်ယူကြည်ညိုရသော သံဃနာယကဆရာတော်တစ်ပါးအား ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုသည် လွန်စွာ ထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည့်အပြင် ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သံဃသမဂ္ဂ(မန္တလေး)ထံ ဆက်သွယ်မေးမြန်းရာ “သီးခြားမိန့်စရာမရှိပါဘူး။တစ်တိုင်းပြည်လုံး သိပြီးသားကိစ္စတွေပါ”ဟု မိန့်ကြားသည်။

စစ်အာဏာရှင်များသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွင်လည်း သံဃာတော်အများအပြားအား ရက်ရက်စက်စက်သတ်ဖြတ်မှု ပြုလုပ်ခဲ့သူများဟု ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မကမိန့်ကြားသည်။

” ဒီလိုထင်ရှားတဲ့ပုဂ္ဂိုလ်ကြီး၊ သာသနာအတွက် အကျိုးများတဲ့ပုဂ္ဂိုလ်ကြီး၊ ဒါယကာ ဒါယကာမတွေကလည်း လေးစားကြည်ညိုရတဲ့ ပုဂ္ဂိုလ်ကြီးကို သတ်ဖြတ်လိုက်တာ။ သတ်ဖြတ်လိုက်တာကြီးကို ဝန်မခံဘဲနဲ့ ပေါက်ကရ ထပ်လိမ်ခြင်းဟာ တတိုင်းတပြည်လုံးကပြည်သူတွေကို စော်ကားသလို တတိုင်းတပြည်လုံး၊ တကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားလိုက်ခြင်းဖြစ်တယ်။ ဒီနေရာမှာတဆက်တည်းတွေးလို့ရတာ သံဝေဂရစရာဘာလဲဆိုရင် ဒီလိုထင်ရှားတဲ့ ဆရာတော်ကြီးတွေပါမချန် သတ်ဖြတ်တယ်ဆိုရင် ဗမာပြည်သူတွေရဲ့ဘဝတွေဟာ တွေးတောစရာမရှိတော့ဘူး။ နေဖို့ထိုင်ဖို့တောင်မကောင်းတော့တဲ့အနေအထား ဖြစ်သွားပြီ”ဟု ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော်ဖြစ်သလို ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်လည်းဖြစ်သည်။ မန္တလေးမြို့၌ပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးတက်ရောက်ရန်လာရောက်ရင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

သို့သော် ရွှေကျင်ဂိုဏ်းမှဆရာတော်ကြီးများကမူ ဆရာတော်ပျံလွန်တော်မူပြီး သုံးရက်မြောက်သည်အထိ တစုံတရာထုတ်ပြန်ခြင်း မရှိသေးပေ။ အာဏာသိမ်း စစ်ကောင်စီလက်ထက်၌ ရွှေကျင်သာသနာဂိုဏ်းချုပ်ဥက္ကဌမှာ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဖြစ်သည်။

” သီတဂူဆရာတော်ကြီးတို့က ဂိုဏ်းတူပေါ့။ ဂိုဏ်းတူသံဃာပေါ့။ ဂိုဏ်းတူဘုန်းကြီးကိုသတ်ဖြတ်လိုက်တာနဲ့ ပတ်သတ်ပြီးတော့ သာသနာပိုင်ဆရာတော်ဖြစ်တဲ့ သီတဂူဆရာတော်ဘုရားကြီးက ရေငုံနုတ်ပိတ်နေခြင်းဟာလည်း သာသနာ့မျက်နှာကို မကြည့်တာ။ ဘုရားမျက်နှာကိုမကြည့်တာ။ သံဃာမျက်နှာကိုမကြည့်တာ။ တိုင်းပြည်ရဲ့မျက်နှာကို မကြည့်ဘူးလို့ ဦးဇင်းတို့ပြောရမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သီတဂူဆရာတော်ကြီးဆိုတာ စာတတ်၊ပေတတ် ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီး။ တရားဟောနေတဲ့ ဓမ္မကထိကပုဂ္ဂိုလ်ကြီး။ နိုင်ငံကျော်ကြီးပေါ့နော်။ အဲလိုပုဂ္ဂိုလ်ကြီးက ဓမ္မကိုဓမ္မ၊ အဓမ္မကိုအဓမ္မလို့ မပြောရဲတာဟာ ရှင်းပါတယ်။ သာသနာကိုမျက်ကွက်ပြုသွားပြီလို့ တိုင်းပြည်ကို မျက်ကွယ်ပြုသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်”ဟု ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက ထပ်မံမိန့်ကြားသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်နှင့်အတူ ပစ်ခတ်ခံရသည့်ကားပေါ်၌ လိုက်ပါခဲ့သည့် ကန်သုံးဆင့်ဆရာတော် ဘန္ဒန္တဂုဏိကာဘိဝံသက ဇွန်လ ၂၀ရက် ရှင်းလင်းခဲ့သည်။ စစ်တပ်​၏ ပစ်ခတ်မှုကြောင့် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကားပေါ်တွင် မျက်သက်သေအဖြစ်အတူပါရှိသော ကန်သုံးဆင့်ဆရာတော်က မိန့်ကြားထားသည်။

စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့သော်လည်း အမှန်ကိုဝန်မခံဘဲ လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချနေသည့် စစ်ကောင်စီအား ပြင်းထန်စွာဆန့်ကျင်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနရ ဇွန်လ ၂၀ရက် သတင်းထုတ်ပြန်သည်။

ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနပွဲကို ဇွန်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဇွန်လ ၂၄ ရက်မှ ၂၆ ရက်အထိ ညတရားပွဲ သုံးရက်တိုင် ကျင်းပပူဇော်မည်ဟု သိရသည်။

(ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနအား လာရောက်ကန်တော့ပန်း ပန်ဆင်ကြသော တပည့်သံဃာများ၊ သီလရှင် ဆရာလေးများနှင့်တပည့် ဒါယကာ၊ဒါယိကာမ တို့အား ယနေ့(ဇွန်လ ၂၁ ရက်)တွေ့ရစဥ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *